သူ ယူကရိန်းသမ္မတအဖြစ်မှ နုတ်ထွက်ပေးရေးသည် နေတိုးစစ်ရေး မဟာမိတ်အဖွဲ့သို့ ယူကရိန်းဝင်ရောက်မှုကို လက်ခံမည့် အကြောင်းတရားဖြစ်သည်ဆိုလျှင် နုတ်ထွက်ပေးရန် အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှား၏ ကျူးကျော်မှု သုံးနှစ်မြောက် နှစ်ပတ်လည် အကြိုရက်ဖြစ်သော ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
အမေရိကန်အစိုးရသစ်၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ရင်ဆိုင်နေရသည့် မစ္စတာဇလန်းစကီးက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ မတွေ့ဆုံခင် သူ ထရမ့်ပ်နှင့် ဦးစွာတွေ့ဆုံလိုကြောင်းလည်း ပြောဆိုခဲ့သည်။
စစ်ပွဲအဆုံးသတ်ရေး အကြောင်းအချက်တစ်ရပ်အနေဖြင့် ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ပေးရန် မစ္စတာ ဇလန်းစကီးက တောင်းဆိုနေသော်လည်း ဝါရှင်တန်ဦးဆောင်သော မဟာမိတ်အဖွဲ့က ကတိကဝတ်ပြုရန် တွန့်ဆုတ်နေခဲ့သည်။
“ယူကရိန်း ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော့်ရာထူးက နုတ်ထွက်ဖို့ လိုအပ်တယ်ဆိုရင် အဆင်သင့်ပါပဲ” ဟု ကိဗ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဇလန်းစကီးက ပြောကြားခဲ့ပြီး “ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အလဲအထပ်လုပ်နိုင်ပါတယ်” ဟု ဆိုခဲ့သည်။
အမေရိကနှင့် ရုရှား အစိုးရ အရာရှိများသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့်အရာရှိအဆင့် ဆွေးနွေးမှုများကို ပြီးခဲ့သည့် သီတင်းပတ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ လုပ်ဆောင်ခဲ့ကြချိန်မှစ၍ မစ္စတာ ထရမ့်ပ်နှင့် မစ္စတာ ဇလန်းစကီးတို့အကြား စကားလုံးတိုက်ပွဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။
ထိုဆွေးနွေးမှုများသည် ခရမ္မလင်ကို အထီးကျန်စေသည့် အနောက်နိုင်ငံများ၏ မူဝါဒကို ထိခိုက်စေပြီး အစည်းအဝေးမှ ဖယ်ထုတ်ထားမှုအတွက် ယူကရိန်းနှင့် ဥရောပခေါင်းဆောင်များကို ဒေါသထွက်စေခဲ့သည်။
မကြာခင်ရက်များအတွင်းက မစ္စတာ ထရမ့်ပ်သည် ဇလန်းစကီးကို အာဏာရှင်ဟု သုံးနှုန်းခေါ်ဆိုခဲ့ပြီး ယူကရိန်းကို စစ်ပွဲစတင်သူအဖြစ် စွပ်စွဲခဲ့သကဲ့သို့ ယူကရိန်းခေါင်းဆောင်သည် ပြည်တွင်းတွင် လူကြိုက်မများတော့ဟု အမှီအခိုကင်းသော စစ်တမ်းများနှင့် ဆန့်ကျင်လျှက် ပြောကြားခဲ့သည်။
မစ္စတာ ထရမ့်ပ်၏ မှတ်ချက်များကြာင့် သူ မကျေမနပ် မဖြစ်ပါကြောင်းနှင့် ယူကရိန်းတွင် စစ်အုပ်ချုပ်ရေးဥပဒေပြီးဆုံးချိန်တွင် ရွေးကောက်ပွဲဖြင့် သူ၏ လူကြိုက်များမှုကို အစမ်းသပ်ခံရန် အသင့်ရှိကြောင်း မစ္စတာ ဇလန်းစကီးက ပြောဆိုခဲ့သည်။
“အာဏာရှင်တစ်ယောက်ကတော့ အာဏာရှင်ဆိုတဲ့ စကားလုံးသုံးတာကို စိတ်ဆိုးကြမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဇလန်းစကီးက ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
