နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ လူမှုဘဝအေးချမ်းသာယာရေးတို့သည် အပြန်အလှန်ဆက်စပ်လျက်ရှိပြီး နိုင်ငံသားတိုင်းအနေဖြင့် တိုင်းပြည်အကျိုးကို ရှေးရှုသည့် စိတ်ဓာတ်များ မွေးမြူထားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
“တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိဖို့ နိုင်ငံရေးက တစ်ပိုင်း၊ ပြည်သူလူထုဘဝ အေးချမ်းမှုရှိဖို့က တစ်ပိုင်းဖြစ်ပြီး နှစ်ခုစလုံးက အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးမှုရှိရင် လုံခြုံရေးရှိလာမယ်။ နိုင်ငံရေးလမ်းကြောင်း မှန်ကန်ရင် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးက အလိုအလျောက် ဖြစ်ပေါ်လာမှာဖြစ်တယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် နိုင်ငံရေးအပေါ် ပြည်သူလူထု၏ ယုံကြည်မှု တိုးတက်လာစေရေးနှင့် အတွေးအခေါ်များ လိုက်ပါနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် မိမိနိုင်ငံ ပိုမိုကောင်းမွန်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ထို့အတူ ပြည်သူများ၏ မတူကွဲပြားသော ဆန္ဒများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပြည်သူများ စိတ်ချမ်းသာမှုရရှိစေရေးကို အလေးထားဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
