ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP)က ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၌ မြန်မာနိုင်ငံရှိ လူငယ်များနှင့်ပတ်သက်သော အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းအစီရင်ခံစာသည် ရွှေ့ပြောင်းနေထိုင်မှု၊ လုံခြုံရေး၊ အလုပ်အကိုင်၊ ပညာရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စသည့် လူငယ်များ၏ အမြင်များကို အပိုင်းလိုက် စုဆောင်းလေ့လာထားသည့် UNDP ၏ မြန်မာ့လူငယ် စစ်တမ်း အစီရင်ခံစာတွဲ၏ ပထမဆုံး အစီရင်ခံစာလည်း ဖြစ်သည်။
ထိုအစီအရင်ခံစာတွင် မြန်မာနိုင်ငံတွင် ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်းကိစ္စရပ်များကြောင့် နိုင်ငံတွင်းမှ ထွက်ခွာလိုသော လူငယ်အရေအတွက် တိုးလာနေကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပညာအရည်အချင်းမြင့်လူငယ်များပါ ရွှေ့ပြောင်းအခြေချရန် စဉ်းစားကြသည်မှာ ပိုများလာသောကြောင့် ကျွမ်းကျင်လုပ်သားလိုအပ်ချိန် “ဦးနှောက်ယိုစီးမှု” ဖြစ်လာနိုင်ခြေ စိုးရိမ်မှုများ မြင့်တက်လာနေသည်ဟု UNDP က သတိပေးထုတ်ပြန်ထားသည်။
UNDP၏ အစီအရင်ခံစာတွင် ဂျပန်နိုင်ငံသည် လူငယ်အများစု အသွားချင်ဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံသည်လည်း လက်တွေ့တွင် သွားရောက်မှု အများဆုံးနိုင်ငံ ဖြစ်နေသေးသည်ဟု ဆိုသည်။
ထို့အပြင် လူငယ် ၄၇ ရာခိုင်နှုန်းသည် ခရီးသွားစာရွက်စာတမ်းများမရှိသဖြင့် လုံခြုံရေးအာမခံချက်မရှိသော လမ်းကြောင်းများမှတဆင့် သွားနေကြရသည်ဟု UNDP က ဆိုသည်။
UNDP က ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လူငယ်များနှင့် ၄င်းတို့၏ ရပိုင်ခွင့်များကို ကာကွယ်ရန်၊ အခွင့်အလမ်းများ တိုးချဲ့ပေးရန်၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို ပြည့်ပြည့်ဝဝ အကောင်ထည်ဖော်နိုင်ရန် စသည်တို့အတွက် ပြည်တွင်းနှင့် ပြည်ပရောက် လူငယ်များနှင့် လက်တွဲလုပ်ဆောင်နိုင်ရန်လည်း တောင်းဆိုထားသည်။
