တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော တိုင်း (သို့) ပြည်နယ်ဝန်ကြီးများ၊ တိုင်း (သို့) ပြည်နယ်ဥပဒေချုပ်များ၊ တိုင်း (သို့) ပြည်နယ်စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်း (သို့) ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်း (သို့) ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် မြို့တော်ဝန်များ ခန့်အပ်တာဝန်ပေးအပ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တင်ပြပြီးမှတ်တမ်းတင်ကြောင်းကို ပြည်ထောင်စုလွှတ်တော်နာယကက ဦးအောင်လင်းဒွေးက ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံ ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာများဖြစ်သော ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဖူမီအို အူဆုအိနှင့် ညွှန်ကြားရေးမှူး မစ္စတာ နာအိုဟိကို တာကခု၊ ဂျပန်-မြန်မာ ပါလီမန်ချစ် ကြည်ရေးအသင်းဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမိချိ ဝါတာနာဘေး၊ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ကြူကုန်းဖုန်၊ ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အီဗန် ပိုလီယာ ကော့ဗ်၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာ အင်ဒရာ မာနီ ပန်ဒေးတို့၏ ပေးပို့မှုများကိုပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံဂုဏ်ထူး ဆောင်ကောင်စစ်ဝန် ဦးကိုကိုလတ်၊ ဂျပန်နိုင်ငံ နာဂိုယာမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ တိုရှိအို နီရှိမူရ၊ ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ နိုရီအဆု အိုတိုမိုရိ၊ ဘရာဇီးနိုင်ငံ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ ရီကာဒို စီကာရီ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ အိတ်ဟ် အမ် ဟာကန်အလီ၊ ကနေဒါနိုင်ငံ၊ မြန်မာလူငယ်များအသင်းတို့၏ ပေးပို့မှုများကိုလည်း ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
