နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မန္တလေး ငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျ-က်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိသည်။
ယခုအခါ မေ (၂၀) ရက်မှ (၂၇) ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း ထိုင်းနိုင်ငံရောက် စေတနာရှင်များ၊ သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အစိုးရတို့က ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများကိုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လည်းကောင်း၊ မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဖြန့်ခွဲပေးပို့ပြီးဖြစ်သည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် ဒီဇယ် ဆီတန် (၁၁,၉၃၀ ဒသမ ၅၀၅) နှင့် ဓာတ်ဆီတန် (၂,၉၄၀ ဒသမ ၀၅၅) တို့ မေလ (၂၃)ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ထပ်မံရောက်ရှိခဲ့ရာ စုစုပေါင်း ဒီဇယ်ဆီတန် (၂၉,၉၃၀ ဒသမ ၅၀၅) နှင့် ဓာတ်ဆီတန် (၁၉,၉၄၀ ဒသမ ၀၅၅) တို့ကို စွမ်းအင်ဝန်ကြီးဌာနက စနစ်တကျသိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ဘိလပ်မြေ (၂၂၅)တန် (အိတ် ၄,၅၀၀) သည် မေလ (၂၄) ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက လွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူပြီးနောက် ဘေးသင့်ဒေသများသို့ ပို့ဆောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ငလျင်ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းသည့် Prefabricated Office အလုံး (၅၀၀) အနက် အလုံး (၃၄၀) သည် မေလ (၂) ရက်တွင်လည်းကောင်း၊ အလုံး (၁၆၀)သည် မေလ (၂၄) ရက်တွင်လည်းကောင်း သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ်တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ယာယီအိမ်များအဖြစ် အသုံးပြုရန် လှူဒါန်းသည့် Prefabricated House အလုံး (၄,၅၀၀) အနက် (၁,၅၇၆) လုံးသည် မေ (၉)ရက်တွင်လည်းကောင်း၊ (၁,၈၀၄) လုံးသည် မေ (၁၃) ရက်တွင်လည်းကောင်း၊ အလုံး (၁,၁၂၀)သည် မေလ(၂၄) ရက်တွင်လည်းကောင်း သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဘေးသင့်ဒေသများ၌ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။