နယူးဒေလီ၊ စက်တင်ဘာ ၇
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ကျောင်းသားအဆောင်အဖြစ် အသုံးပြုနေသည့် အထပ်မြင့်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ အနည်းဆုံး ခြောက်ဦးသေဆုံးပြီး ခြောက်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေလီဝန်ကြီးချုပ် ရေခါ ဂုပ္ပတာက ပြောကြားသည်။
မြို့တော်တောင်ပိုင်းရှိ ကောလိပ်နှင့် တက္ကသိုလ်များအနီး တည်ရှိသည့် အဆိုပါအဆောက်အအုံတွင် မြေအောက်ခန်းတစ်ထပ်နှင့် အပေါ်ထပ် ငါးထပ်ပါရှိပြီး ကျောင်းသားများ နေထိုင်သည့်အဆောင်အဖြစ် အသုံးပြုနေခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြသည်။
အဆောက်အအုံ၏ မြေအောက်ခန်းအတွင်း ရေဝင်ရောက်၍ စုပုံနေခြင်းနှင့် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့ကြောင့် အိုဟောင်းနေသည့် အဆောက်အအုံ ပြိုကျခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေလီဝန်ကြီးချုပ်က ပြောသည်။
တနင်္ဂနွေနေ့က အဆောက်အအုံပြိုကျပြီးနောက် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ဆက်လက်ရှာဖွေခဲ့ကြသည်။ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သူ ခြောက်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အခြေအနေတည်ငြိမ်ကြောင်း သိရသည်။
အဆောက်အအုံပိုင်ရှင်ကိုလည်း ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း ဒေသခံမီဒီယာများက ဖော်ပြသည်။
Ref: The Straits Times
