စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပင ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်းတွင် ဖိအားမြင့် သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် ရေယူအဆောက်အဦး တည်ဆောက်နေကြောင်း သိရသည်။
နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် (၇.၅) မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိကာ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ (၆) မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ် လျှပ်စစ်ဓာတ်အား (၃၄.၆၈) သန်းကီလို ဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“နမ့်ပင” အသေးစား ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၀) ရက်၊ ညနေပိုင်းကရောက်ရှိရာ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦး စီးဌာန၊ အမှတ် -၂ တည်ဆောက်ရေးတာဝန်ခံမှ “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချီန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဒေသခံပြည်သူများလိုအပ်သည့် လျှပ်စစ်မီးအမြန်ရရှိရန်အတွက် ယခုဆောင်ရွက်သည့်ရေအားလျှပ်စီမံကိန်းအား အမြန်ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ တည်ဆောက်လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရေး၊ ရရှိထားသည့်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် သုံးစွဲသွားရေးတို့အား တာဝန်ရှိသူများအားမှာကြားကာ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “နမ့်ပင” အသေးစား ရေအားလျှပ်စစ်စီမံကိန်း အတွင်းတည်ဆောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
