ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇူလိုင် ၁၈ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နန့်ကွေ့ချောင်းရေမြင့်တက်ကာ ချောင်းဘေးရှိ ရှမ်းမျိုးနွယ်စုများယာယီတိမ်းရှောင်စခန်း၏ ယာယီအဆောက်အအုံများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရေဘေးသင့်နေသော ယာယီတိမ်းရှောင်စခန်း၌နေထိုင်သူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ပြောင်းရွေ့ပေးခဲ့ကြရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဇူလိုင် ၂၀ ရက်နံနက်ပိုင်းတွင်ကြည့်ရှုအားပေးပြီးထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ရေဘေးသင့်အိမ်ထောင်စု(၁၂၃)စုအတွက် ဆန်(၂၄) ပြည်အိတ်(၁၂၃)အိတ်နှင့် ခေါက်ဆွဲခြောက်ဖာ(၅၀)တို့ကိုထောက်ပံ့ပေးအပ်ပြီး ယာယီတိမ်းရှောင်မိသားစုများ အမြန်ဆုံးပြောင်းရွှေ့ပေးနိုင်ရေးအတွက် လျာထားမြေနေရာရှင်းလင်းရေး၊ လတ်တလောချက်ပြုတ်စားသောက်နိုင်ရေးအတွက် အိုး၊ ခွက်၊ ပန်းကန်များနှင့် ထမင်းဘူးများထောက်ပံ့နိုင်ရေး၊ ကျန်းမာရေးစောင့် ရှောက်မှုများပေးနိုင်ရေး၊ ကျောင်းနေကလေးများ အဆင်ပြေစွာကျောင်းသွားနိုင်ရေးတို့ကိုညှိနှိုင်းဖြည့် ဆည်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့်လများတွင်လည်း မိုးရွာသွန်းမှုများပြားနိုင်သဖြင့် ယခုနေထိုင်သည့်နေရာမှ ရပ်ကွက်အတွင်းချောင်းရေလွတ်သော မြေနေရာတွင်ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကိုအမြန်ဆုံးပြင်ဆင်ပေးသွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
Photo-ကချင်ပြည်နယ်အစိုးရ
