အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် ရဲ့ အထိခိုက်မခံတဲ့ သတင်းအချက်အလက်တွေကို ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးဟာ တာဝန်ကနေ ခေတ္တဆိုင်းငံ့ခံထားရပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ အမေရိကန် Secret Service (USSS) က ပြောပါတယ်။
ဘာအချက်အလက်တွေ ပေါက်ကြားသွားတယ်ဆိုတာကို အသေးစိတ် မထုတ်ပြန်သေးပေမဲ့ အဆိုပါ အေးဂျင့်ဟာ “လုပ်ငန်းဆောင်ရွက်မှုနဲ့ သတင်းအချက်အလက် လုံခြုံရေးကို ထိခိုက်စေခဲ့တယ်” ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် “ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု” နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ Secret Service က ပြောပါတယ်။
”စောင့်ရှောက်ရမယ့်သူရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ဘယ်လိုပြုမူဆောင်ရွက်မှုကိုမဆို လုံးဝ ခွင့်လွှတ်သည်းခံမှာ မဟုတ်ပါဘူး” လို့ Secret Service ရဲ့ ပြောရေးဆိုခွင့်ရှိသူ Anthony Guglielmi က ပြောခဲ့ပါတယ်။
အိမ်ဖြူတော်ကတော့ ဒီစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။
Guglielmi ဟာ ဘာအချက်အလက်တွေ ပေါက်ကြားခဲ့လဲဆိုတာကိုတော့ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က အမေရိကန် ရုပ်သံကွန်ရက် MS NOW က ဗန့်စ်ရဲ့ မိသားစု ခရီးစဉ်တွေနဲ့ ပတ်သက်လို့ လုံခြုံရေးအဖွဲ့ထဲက အချို့က မကျမနပ်ဖြစ်နေကြတယ်ဆိုတဲ့ သတင်းကို အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ CNN ရဲ့ အဆိုအရ အေးဂျင့် ရာထူးကနေ ဆိုင်းငံ့ခံရတာဟာ အဲဒီသတင်းဖော်ပြချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတာ ဖြစ်ပါတယ်။
MS NOW ရဲ့ ဖော်ပြချက်အရ ဗန့်စ်ရဲ့ သားငယ်လေး ဂေါက်ရိုက်သင်တန်းသွားတက်ဖို့ စစ်တပ်ဟယ်လီကော်ပတာ စီးနင်းဖို့ စီစဉ်မှုနဲ့ ဗန့်စ်တို့မိသားစု ဝါရှင်တန်ဒီစီ ဧရိယာမှာ အိမ်လိုက်ကြည့်တဲ့ ခရီးစဉ် အပါအဝင် အချို့သော ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အေးဂျင့်တွေက အတွင်းပိုင်းမှာ စိုးရိမ်မကင်းဖြစ်ကြောင်း မကျမနပ် ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
ဗန့်စ်နဲ့ သူ့မိသားစုဟာ ၂၄ နာရီပတ်လုံး Secret Service ရဲ့ လုံခြုံရေး စောင့်ရှောက်မှုကို ယူရတာ ဖြစ်ပါတယ်။
ဒီသတင်းဖော်ပြချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီဖြစ်စဉ်ဟာ သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အေဂျင်စီက စောင့်ရှောက်ပေးရသူတွေအပေါ် ခြိမ်းခြောက်မှုတွေ အဆမတန် မြင့်တက်လာနေကြောင်း အရာရှိတွေက သတိပေးနေချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ Secret Service ညွှန်ကြားရေးမှူး Sean Curran က အေဂျင်စီအနေနဲ့ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၄ နှစ်တာ ကာလအတွင်း အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှု ပတ်ဝန်းကျင်မှာ လှုပ်ရှားနေရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဧပြီလမှာ မူလပြုလုပ်ဖို့ စီစဉ်ထားတဲ့ အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲဟာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု စွပ်စွဲချက်ကြောင့် ရောထွေးရှုပ်ထွေးသွားခဲ့ရပြီး အခုလာမယ့် သောကြာနေ့ကို ပြန်လည်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါပွဲ မတိုင်မီ သတင်းထောက်တွေကို ပြောကြားရာမှာ Curran က Secret Service ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှု ပမာဏဟာ “မတရား မြင့်မားနေတယ်” လို့ ပြောဆိုခဲ့ပါတယ်။
”အခြေအနေတွေက အရမ်းကို မငြိမ်မသက်ဖြစ်နေပြီး ဒါဟာ နယ်ပယ် အသီးသီးမှာ ဖြစ်ပေါ်နေတာပါ” လို့ Curran က ပြောပါတယ်။ “ခြိမ်းခြောက်မှု အခြေအနေနဲ့ ပတ်ဝန်းကျင်ဟာ ကျွန်တော် မြင်ဖူးသမျှထဲမှာ အကြီးမားဆုံးပါပဲ။”
အေးဂျင့်တွေဟာ ဇန်နဝါရီလကတည်းကစပြီး ခြိမ်းခြောက်မှုပေါင်း ၁၀,၀၀၀ နီးပါးကို စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ရပါတယ်။
ဒီလို မြင့်တက်လာတာဟာ အွန်လိုင်း ခြိမ်းခြောက်မှုတွေ၊ တစ်ဦးတည်း လုပ်ဆောင်သူတွေ၊ သဘောတရားရေးရာ အစွန်းရောက်မှုတွေ၊ ပြည်ပ ရန်သူတွေနဲ့ စိတ်ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေရသူတွေ အစရှိတဲ့ အကြောင်းအရင်းများ ပေါင်းစပ်မှုကြောင့် ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
မူလ ပင်မ အရင်းအမြစ်ဖြစ်ခဲ့တဲ့ လက်ရေးစာမူတွေနဲ့ အခြား သာမန်ဆက်သွယ်ရေး ပုံစံတွေနေရာမှာ အစားထိုးပြီး အခုအခါ ခြိမ်းခြောက်မှု အများစုဟာ အွန်လိုင်းကနေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့လည်း သူတို့က ဆက်လက် ပြောကြားခဲ့ပါတယ်။
