ထောင်ဒဏ်ကျခံနေရသည့် ဧဒင်ဂရု၏အကြီးအကဲ ဦးချစ်ခိုင် အပါအဝင် စီးပွါးရေးလုပ်ငန်းရှင်အချို့သည် ယနေ့ ဧပြီ (၁၂)ရက် တွင် ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။
တီကျစ်ကျောက်မီးသွေး စက်ရုံအတွက် အခွန်ပေးဆောင်ရာတွင် အဂတိလိုက်စားမှုရှိခဲ့သည်ဆိုသည့်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည့် ဦးချစ်ခိုင်အား ယနေ့နံနက်ပိုင်းက မန္တလေး အိုးဘိုထောင်မှ တဆင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးချစ်ခိုင်သည်ယခုတွင် မန္တလေးမြို့၌ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေကြောင်း မိသားစုဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့အတည်ပြုပြောကြားခဲ့သည်။
ဇေကမ္ဘာဦးခင်ရွှေ၏ သားဖြစ်သူ ဦးဇေသီဟလည်း အင်းစိန်အကျဉ်းထောင်မှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းများကြားသိရသည်။
နှစ်ဆန်းတစ်ရက် အတွက် ကြိုလွတ်လာတာထင်တယ်ဟု သရုပ်ဆောင်နန္ဒာလှိုင်နှင့် နီးစပ်သူတစ်ဦးကဆိုသည်။
ဖမ်းဆီးခံထားရသော ဆီလုပ်ငန်းရှင် ၁၆ ယောက်တွင် ၁၂ ယောက်မှာ ပြန်လည်လွှတ်မြောက်လာကြောင်းနှင့် နယ်မြို့များရှိဆိုင်ရာအကျဉ်းထောင်များမှ ရန်ကုန်သို့မကြာမီပြန်လာကြမည်ဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှသိရသည်။