ထိုင်း-မြန်မာ ရေလမ်းကြောင်း ကုန်သွယ်မှုဖြစ်သော ရနောင်း-ကော့သောင်း – ရန်ကုန် ရေလမ်းကြောင်းမှ သွင်းကုန်လိုင်စင်များကို ဦးစားပေး ခွင့်ပြုပေးနေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိ၌ ထိုင်း – မြန်မာ မြဝတီနယ်စပ်မှ ကုန်သွယ်ရေးများ ရပ်တန့်နေသော်လည်း ထိုင်း-မြန်မာ ရေလမ်းကြောင်း ကုန်သွယ်မှု ဖြစ်သော ရနောင်း – ကော့သောင်း ရေလမ်းကြောင်း ကုန်သွယ်ရေးမှ သွင်းကုန်၊ ပို့ကုန်များ ဆက်ရှိနေခြင်းဖြစ်သည်။
” လိုင်စင်မရှိဘဲ တရားမဝင်တွေ အများစု ပိတ်မိနေတာပါ။ တကယ်လို့ လိုင်စင်နဲ့ တရားဝင်တင်သွင်းတာ ပို့ကုန်တင်ပို့တာဆိုရင် ကျန်တဲ့ဂိတ်တွေကနေ ဂိတ်ပြောင်းသယ်လို့ရပါတယ်။ ရေကြောင်းလည်းရပါတယ်။ လိုင်စင်ထပ်လျှောက်စရာမလိုပါဘူး။ မြဝတီနယ်စပ်ဂိတ်ပိတ်တော့ ပို့ကုန်တွေကိုအခုတာချီလိတ်ဘက်ကနေပြောင်းပို့လို့ရပါတယ်” ဟု ထိုလမ်းကြောင်းမှ ပို့ဆောင်နေသည့် ကုန်သည်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ထိုင်းနယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ဖြစ်သည့် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် ပို့ဆောင်နေမှုသည် ပြီးခဲ့သည့်နှစ် ဇွန်လကတည်းကပင် စတင်နေခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ထိုင်း-မြန်မာ ကုန်သွယ်ရေး၌ အရေးပါသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂)ကို ဩဂုတ် (၁ ၈) ရက်၊ နံနက်ပိုင်းကစ၍ မြန်မာဘက်ခြမ်းက ယာယီပိတ်ထားလိုက်သောကြောင့် ထိုရေကြောင်းစနစ်ကို ပိုမိုအသုံးပြုခြင်းများလာခြင်း ဖြစ်သည်။
စုံစမ်းမှုများအရ မြဝတီနယ်စပ်မှ ကုန်ပစ္စည်းတင်သွင်းခြင်းနှင့် ပို့ကုန်လိုင်စင် ရရှိထားသူများသည်လည်း ရနောင်း – ကော့သောင်းအပါအဝင် ကျန်သည့်နယ်စပ်ဂိတ်ပေါက်များမှတဆင့် ကုန်သွယ်ခွင့်ပြုပေးထားကြောင်းလည်း သိရသ ည်။
ယင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်းနှင့် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ ၁/၂၀၂၄ ပါ စံပြုလုပ်ငန်းစဉ်များကို လေ့လာနိုင်ကြောင်းလည်း အသိပေးထားသည်။
