ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ နယ်မြေအငြင်းပွားမှုကို ဖြေရှင်းရေးအား တရုတ်နိုင်ငံက ထောက်ခံကြောင်းနှင့် နှစ်နိုင်ငံစလုံး၏ ဆန္ဒအပေါ်အခြေခံသော အကူအညီကိုပေးသွားရန် ကမ်းလှမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သြဂုတ် ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အရှေ့တောင်အာရှနှစ်နိုင်ငံအနေဖြင့် ဆွေးနွေးပွဲများ ခိုင်မာအားကောင်းလာစေရေးကို တရုတ်နိုင်ငံက ထောက်ခံကြောင်းနှင့် အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်၍ ချစ်ကြည်ရင်းနှီးမှုကိုပြန်လည်ရရှိရန် မျှော်လင့်ပါကြောင်း မစ္စတာ ဝမ်ယိက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်နှစ်စောင်တွင် ဖော်ပြထားသည်။
ဝမ်သည် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်တွင် ကျင်းပပြုလုပ်သည့် လန်ချမ်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပြင်ပတွင် ထိုင်း၊ က မ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။
မဲခေါင်-လန်ချမ်း ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဝမ်ယိ က ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းတို့နှင့် အလွတ်သဘော လက်ဖက်ရည်ဝိုင်းဆွေးနွေးမှုလုပ်ရန် ဖိတ်ကြားချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆမ်ဂီယမ်ပွန်ဆာက လက်ခံခဲ့ကြောင်း ထိုင်းသတင်းဌာနခေါင်ဆော့ ကလည်းဖော်ပြခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယားပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် အာဆီယံ၏ ပံ့ပိုးမှုဖြင့် အပ-စ်အခ-တ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ကျေးဇူးတင်ရှိသည်ဟု အဆိုပါတွေ့ဆုံမှုအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
Ref: သည်စထရိတ်တိုင်းမ်စ်၊ ခေါင်ဆော့
