ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း ခလွန်ယိုင်ခရိုင် ဘန်ဟတ်လက်နယ်စပ် စစ်ဆေးရေးဂိတ်သို့ အင်္ဂါနေ့နံနက်ပိုင်းတွင် ရောက်ရှိလာသော ထိုင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို တင်ပို့သည့် ကုန်ကားများကို ကမ္ဘောဒီးယားဘက်က တားမြစ်ခဲ့သည်ဟု သိရသည်။
ထိုင်းထုတ်ကုန်များ တင်ဆောင်ထားသည့် ကုန်ကား အစီး ၃၀ ခန့်သည် နံနက်ပိုင်းတွင် နယ်စပ်ဂိတ်၌ စောင့်ဆိုင်းနေခဲ့ရသည်။ ကုန်ပစ္စည်းများတွင် အေးခဲစားသောက်ကုန်များ အပါအဝင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာများ ပါဝင်သည်။
နံနက် ၈ နာရီတွင်မူ အဆိုပါ ကုန်ကားများအတွက် စစ်သားများက နယ်စပ်ဂိတ်ကို ဖွင့်ပေးခဲ့သော်လည်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးတင်ကားများကို ဆက်လက်တားမြစ်ထားခဲ့ခြင်းဖြစ်သည်။
တားမြစ်ခံရသော ကုန်ကားယာဉ်မောင်းများသည် နှစ်ဖက်ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ညှိနှိုင်းဆွေးနွေးမှုကို စောင့်ဆိုင်းနေခဲ့ကြရသည်။
ဘန်ဟတ်လက် စစ်ဆေးရေးဂိတ်တွင် တားမြစ်ခံထားရသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးတင်ကုန်ကား ၁၀ စီးခန့်ရှိသည်။
ထိုင်း သစ်သီးနှင့် စိုက်ပျိုးရေးထွက်ကုန်များကို တားမြစ်ထားရန် Koh Kong အကောက်ခွန်ရုံးက ညွှန်ကြားခဲ့ကြောင်း ခလွန်ယိုင်ခရိုင် အကြီးအကဲက ပြောဆိုခဲ့သည်။ သို့ရာတွင် ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် အရေးကြီးသော အခြားထုတ်ကုန်များကိုမူ ဝင်ခွင့်ပြုစေခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထရတ်ပြည်နယ်ရှိ ထိုင်းကျောင်းများသို့ သွားရောက်မည့် ကမ္ဘောဒီးယားကျောင်းသားများသည် နယ်စပ်ကို ဖြတ်သန်းခွင့်ရကြသည်။
Ref: ဘန်ကောက်ပို့စ်
