တိုင်ဖွန်းမုန်တိုင်းတစ်ခုအဖြစ်သို့ အားကောင်းနေကာ တနင်္လာနေ့တွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိမည့် မုန်တိုင်း Matmo ကြောင့် လက်ရှိတွင် ရေလွှမ်းမိုးမှုဒဏ်ခံနေခဲ့ရသည့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မိုးဆက်လက် ရွာသွန်းမည်ဟု မျှော်လင့်ထားသည်။
တိုင်ဖွန်းသည် တရုတ်နိုင်ငံတောင်ဘက်စွန်း ဟိုင်နန်ကျွန်းကို ဖြတ်၍ တုံကင်ပင်လယ်ကွေ့ကို ရွေ့လျားမည်ဟု ခန့်မှန်းကြောင်း ထိုင်းမိုးလေဝသဌာနက စနေနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့များတွင် ဗီယက်နမ်အထက်ပိုင်း ကမ်းရိုးတန်းကို မုန်တိုင်းရောက်ရှိမည်ဟု ဌာနက ခန့်မှန်းခဲ့သည်။
Matmo သည် ထိုင်းနိုင်ငံကို ဝင်ရောက်မည်မဟုတ်သော်လည်း ထိုင်းနိုင်ငံ၊ ကပ္ပလီပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့ကို သက်ရောက်နေသည့် အနောက်တောင်မုတ်သုံလေကို အားကောင်းစေမည်ဖြစ်သောကြောင့် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် တနင်္ဂနွေနေ့မှ အင်္ဂါနေ့အထိ မိုးသည်းထန်စွာရွာသွန်းစေမည်ဖြစ်သည်။
အဆိုပါဒေသများတွင် ရုတ်တရက်ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာန ညွှန်ကြားရေးမှူးချုပ် ဆူကန်ယာနီး ယာဝင်ချန်က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် တရုတ်အာဏာပိုင်များသည် တိုင်ဖွန်း Matmo ကတောင်ပိုင်းပြည်နယ်သို့ မဝင်ရောက်မီ စနေနေ့ညပိုင်းတွင် ဟိုင်နန်ရှိ လေယာဉ်ခရီးစဉ်အချို့ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်
