ဘန်ကောက်၊မေ ၂၉
ထိုင်းနှင့်ကမ္ဘောဒီးယား တို့သည် ဗုဒ္ဓဟူးနေ့ကခဏတညအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အငြင်းပွားနယ်စပ်ဒေသမှတပ်ဖွဲ့ဝင်များကိုရုပ်သိမ်းရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြကြောင်း ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့သည်။
ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်ပြည်နယ် နယ်ခြားဂိတ်တစ်ခုဖြစ်သည့် Chong Chom နယ်စပ်ဂိတ်၌ ထိုင်းကြည်းတပ်အကြီးအကဲနှင့် ကမ္ဘောဒီးယားတော်ဝင်တပ်မတော်အကြီးအကဲတို့ တွေ့ဆုံပြီးနောက် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကမူနှစ်နိုင်ငံတပ်မတော်ခေါင်းဆောင်များသည် နယ်စပ်အငြင်းပွားမှုများကိုအမြန်ဖြေရှင်းရန်အတွက်နှစ်နိုင်ငံ၏အစိုးရအဆင့်မူဘောင်ဖြစ်သည့် ပူးတွဲနယ်နိမိတ်ကော်မီတီ (JBC) ကို အသုံးပြုရန် သဘောတူညီခဲ့ကြောင်းလည်းသိရသည်။
တစ်ချိန်တည်းမှာပင်ကမ္ဘောဒီးယားဘုရင့်တပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ တပ်မတော်နှစ်ရပ်မှ တာဝန်ရှိသူများသည် နယ်စပ်စစ်ဆေးရေးဂိတ်၌ ၄၅ မိနစ်ကြာတွေ့ဆုံခဲ့ကြသည်ဟုလည်းသိရသည်။
“နှစ်ဘက်စလုံးအနေနဲ့ကမ္ဘောဒီးယား-ထိုင်း နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာပူးတွဲနယ်နိမိတ်ကော်မတီ၊ကမ္ဘောဒီးယား-ထိုင်း အထွေထွေနယ်နိမိတ်ကော်မတီနဲ့ ၂၀၀၀ ပြည့်နှစ်က သဘောတူခဲ့တဲ့ ကမ္ဘောဒီးယား-ထိုင်း နယ်နိမိတ်သတ်မှတ်ရေးနားလည်မှုစာချွန်လွှာအပါအဝင် လက်ရှိအခြေအ နေတွေကတစ်ဆင့်ဆက်လက်ဖြေရှင်းသွားမှာပါ” ဟုလည်း ၎င်းက ပြောသည်။
နှစ်ဖက်စလုံးသည်ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြဿနာအားလုံးကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်းကျင်းပမည့် JBC မှတစ်ဆင့် ဖြေရှင်းမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။