ထိုင်းဒူးရင်းသီးတင်ပို့မှုသည် ခူးဆွတ်ချိန်ကာလအတွင်း အလုပ်သမားရှားပါးမှုနှင့် သိုလှောင်ရာနေရာများ မရှိခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
ဒူးရင်းသီးထွက်ရှိမှုသည် ယခုနှစ်တွင် တန်ချိန် ၁ ဒဿမ ၇၈ သန်းအထိ ရောက်ရှိနိုင်ပြီး အရှေ့ပိုင်းဒေသသည် တန်ချိန် ၁ ဒဿမ ၀၆ သန်း သို့မဟုတ် ထွက်ရှိမှုအားလုံး၏ ၅၉ ဒဿမ ၅ ရာခိုင်နှုန်းရှိကြောင်း ပြည်တွင်းကုန်သွယ်ရေးဌာန(ဒီအိုင်တီ) ညွှန်ကြားရေးမှူးချုပ် ဝစ်တာယာကွန် မန်နီးနက်ထာက ပြောကြားခဲ့သည်။
ဧပြီလတွင် စတင်မည့် ခူးဆွတ်ချိန်ကာလတွင် ရာသီဥတုအနှောင့်အယှက်မျိုးမကြုံခဲ့ပါက ဒူးရင်းသီးထွက်ရှိမှုသည် ယမန်နှစ်ကထက် ၁၀ ရာခိုင်နှုန်းမြင့်တက်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောဆိုသည်။
တစ်ချိန်တည်းမှာပင် ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးထုတ်လုပ်မှုသည် တန်ချိန် ၂ သန်းအထိ ရောက်ရှိမည်ဟု ဌာနက ခန့်မှန်းထားသည်။
လုပ်ငန်းပိုင်းကျွမ်းကျင်သော ကမ္ဘောဒီးယားလုပ်သားအရေအတွက် လျော့ကျလာသည်နှင့်အမျှ ဒူးရင်းခြံအလုပ်သမားနှင့် သစ်သီးထုပ်ပိုးသူ ရှားပါးလာမှုအပါအဝင် ဒူးရင်းကဏ္ဍအတွက် စိန်ခေါ်မှုများကို ဌာနက မီးမောင်းထိုးပြခဲ့သည်။
ယင်းကဏ္ဍသို့ မြန်မာနိုင်ငံမှ အလုပ်သမားများ ဝင်ရောက်လာသော်လည်း လုပ်ငန်းပိုင်ဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း မစ္စတာ ဝစ်တာယာကွန်က ပြောကြားခဲ့သည်။
ဒူးရင်းထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် အဓိကလမ်းကြောင်းနှစ်ခုရှိသည်။ ပထမလမ်းကြောင်းသည် ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းနယ်စပ်မှစတင်ပြီး လာအိုနှင့် ဗီယက်နမ်ကို ဖြတ်သန်းကာ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တရုတ်နိုင်ငံအတွင်း ဝင်ရောက်သည်။
ဒုတိယလမ်းကြောင်းသည် ထိုင်းနိုင်ငံ၏မြောက်ပိုင်းနယ်စပ်မှ စတင်ပြီး လာအို သို့မဟုတ် မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရောက်ရှိသည်။ ၎င်းတွင် R3A လမ်းကြောင်းပါဝင်သည်။
Ref: ဘန်ကောက်ပို့စ်
