ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့သည် တရားမဝင် ငွေချေးလုပ်ငန်းများ အခြေစိုက်သည့် နေရာတစ်ခုဖြစ် သော ရေကူးအပန်းဖြေစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၁၂ ဦး၏ ဗီဇာများကို ရုပ်သိမ်းကာ ထာဝရအမည်ပျက်စာရင်းသွင်းခဲ့ကြောင်း သိရသည်။
ချွန်ဘူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများနှင့် ဒေသခံရဲတပ်ဖွဲ့ဝင်များသည် သောကြာနေ့မနက်ပိုင်းက Bang Lamung ခရိုင်ရှိ အပန်းဖြေစခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ သံသယရှိသူများသည် ထိုင်းနိုင်ငံသို့ လုပ်ငန်းများ ပြောင်းရွှေ့မလုပ်ခင်က ဒူဘိုင်းတွင် အခြေစိုက်လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုင်ငံအတွင်း ရောက်ရှိနေထိုင်မှုကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ အကြောင်းကြားရန် ပျက်ကွက်မှု၊ တရားမဝင် လုပ်ငန်း လုပ်ကိုင်မှုတို့ဖြင့် သံသယရှိသူ ၁၂ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူခဲ့သည်။ ၎င်းတို့ထဲမှ နှစ်ဦးကို ဗီဇာသက်တမ်း ကို ကျော်လွန် ကာနေထိုင်မှုဖြင့်လည်း အရေးယူခဲ့သည်။ သံသယရှိသူအားလုံးကို Bang Lamung ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
သံသယရှိသူများ၏ ဗီဇာများကို ရုပ်သိမ်းရန်နှင့် ၎င်းတို့ကို ပြည်ဝင်ခွင့် ထာဝရပိတ်ပင်ရန် ချွန်ဘူရီ လူဝင်မှုကြီးကြပ်ရေးရုံး အကြီးအကဲ Naphasphong Khosittasuriyamanee ကို သူ အမိန့်ပေးခဲ့သည်ဟု အမှတ် ၃ လူဝင်မှုကြီးကြပ်ရေးဌာန ယာယီဌာနမှူး ချိုင်ရစ် အနူရစ်က ပြောသည်။
ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဟန်ပြလုပ်ငန်းများဖြင့် မသမာသောစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို နှိမ်နင်းရမည်ဆိုသည့် အစိုးရ၏ မူဝါဒနှင့်အညီ ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်ဟု ချိုင်ရစ်က ပြောဆိုခဲ့သည်။
Ref: ဘန်ကောက်ပို့စ်