ထိုင်းဟိုတယ်များအသင်း (THA) က ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်မှုကျဆင်းခဲ့ကာ လက်ရှိအခြေအနေသည် အဆိုးရွားဆုံးဖြစ်ကြောင်း ကြေငြာခဲ့သည်။
ထိုင်းဟိုတယ်များအသင်းဥက္ကဋ္ဌ မစ္စတာ Teinprasit Chaiyapatranun က ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ပထမ ၆ လပတ် (ဇန်နဝါရီလ ၁ ရက် နေ့မှ ဇွန် ၃၀ ရက်နေ့အထိ) ကာလ၌ နိုင်ငံခြားခရီးသွား ဧည့်သည်များ၏ ကိန်းဂဏန်းများကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၁၆ ဒသမ ၆၈ သန်းရှိပြီး ယမန်နှစ် အလားတူကာလကလာရောက်ခဲ့သော ၁၇ ဒသမ ၅ သန်းနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၆၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု၄င်းကဆက်လက်ပြောကြားသည်။
အာရှ-ပစိဖိတ်ဒေသမှ ခရီးသွားများ ကျဆင်းမှု သည် ၁၂.၀၁% ရှိခဲ့သည်။ သြစတေးလျ၊ နူးဇီလန် မှ ခရီးသွားများ ၁၁.၉၂ ရာခိုင်နှုန်း၊ ဥရောပဈေးကွက် ၁၆.၆၄ ရာခိုင်နှုန်းနှင့် အမေရိက ဈေးကွက် ၁၀.၃၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။
မလေးရှား၊ တောင်ကိုရီးယား၊ လာအို၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ် စသည့် စျေးကွက်များအားလုံး ကျဆင်းလာခဲ့သည်။
ယခုကဲ့သို့ ကျဆင်းမှုမျိုးကို တစ်ခါမှ မမြင်ဖူးဟုဆိုသည်။ ယခင်က မတော်တဆမှုအပြီးတွင် ခရီးသွားအရေအတွက် နည်းသွားသော်လည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။သို့သော်လည်း ယခုနှစ်တွင် ကျဆင်းမှုသည် ၅ လတာဆက်တိုက်ဖြစ်နေသည်။
“အစိုးရအနေနဲ့ ဖြစ်ပေါ်နေတဲ့ အထင်ဆိုး အမြင်ဆိုးတွေကို ဖျောက်ပေးရမယ်။ စောစောက ခရီးသွားနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး Sorawong Thienthong နဲ့ တွေ့တော့ ချက်ချင်းဆောင်ရွက်ပေးမယ်လို့ တော့ပြောတယ်” ဟု Teinprasit က ပြောသည်။
၄င်းက “အခုချိန် မှာ အလေးအနက်ထားပြီး ပြင်ဆင်ရမှာပေါ့။ ဘာမှ မလုပ်ရင် ထိုင်းခရီးသွားလုပ်ငန်းက အနာဂတ်မှာ အခက်အခဲတွေ ကြုံလာမှာ သေချာပါတယ်။ အရေးကြီးဆုံးကတော့ ထိုင်းနိုင်ငံမှာ ခရီးသွားလာရတာက လုံခြုံစိတ်ချရတယ်ဆိုတဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ပါပဲ။ မီတာအသုံးမပြုတဲ့ အငှားယာဉ်တွေလိုမျိုး၊ ထိုင်းနိုင်ငံမှာ နိုင်ငံခြား ခရီးသွားတွေကိုလိမ်လည်လှည့်ဖြားမှု ပြဿနာတွေကို ရှင်းရှင်းလင်းလင်း ဖြေရှင်းဖို့ အစိုးရအနေနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ Call Center ဂိုဏ်းတွေကို ဖြိုခွဲရာမှာ လည်းရှင်းလင်းပြီး အလေးနက်လုပ်ကြဖို့ လိုပါတယ်” ဟု သူကဆက်လက် ပြောကြားခဲ့သည်။S
Source: khaosod
