မလေးရှားနိုင်ငံသားများ သွားရောက်လေ့ရှိကြသည့် ထိုင်းနယ်စပ်မြို့ Sungai Kolok နှင့် ပတ္တာနီတွင် ဗုံးပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းတောင်ပိုင်းသို့ ခရီးသွားမည့် အစီအစဉ်များကို ဆိုင်းငံ့ထားကြရန် မလေးရှားအစိုးရက ၎င်းနိုင်ငံသားများကို အကြံပြုခဲ့သည်။
ထိုင်းတောင်ပိုင်းသို့ သွားရောက်မည့် အစီအစဉ်များကို ဖျက်သိမ်းရန် ရဲချုပ် ရာဇာရူဒင် ဟူစိန်က တနင်္ဂနွေနေ့တွင် အကြံပြုခဲ့သည်ဟု မလေးရှားမီဒီယာက ဖော်ပြခဲ့သည်။
ကိုလော့ခ်မြစ်ကို ဖြတ်၍ သောင်းကျန်းသူများ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်မလာနိုင်ရေးအတွက် Sungai Kolok ခရိုင်နှင့် နယ်စပ်တွင် မလေးရှားလုံခြုံရေးအာဏာပိုင်များက ကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်နေခဲ့သည်ဟု သူက ပြောဆိုသည်။
စနေနေ့ညပိုင်းက ထိုင်းနိုင်ငံ နာရာသီဝပ်ပြည်နယ် Sungai Kolok မြို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများဖြစ်ခဲ့ပြီးနောက် ရဲချုပ်၏ သတိပေးချက် ထွက်လာခြင်းဖြစ်သည်။
အစောပိုင်းသတင်းများအရ မြို့၏ နေရာသုံးနေရာတွင် ဗုံးဖောက်ခွဲမှုများဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်း သတင်းအချက်အလက်များအရ စတုတ္ထမြောက်တိုက်ခိုက်မှုထပ်ဖြစ်ခဲ့ပြီး Maharat အားကစားကွင်းဘေး လမ်းလယ်ကျွန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကာ ဒဏ်ရာရသူ မရှိခဲ့ဟု ဆိုသည်။
Sungai Kolok ခရိုင်ရုံးတွင် ည ၇ ကျော်အချိန်က ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများကြောင့် စေတနာ့ဝန်ထမ်း လုံခြုံရေး နှစ်ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရှိခဲ့သည်။ အနက်ရောင်ဝတ်စုံဝတ် သောင်းကျန်းသူများ၏ အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဗုံးခွဲတိုက်ခိုက်မှုများကြောင့် ခရိုင်ရုံးအဆောက်အအုံနှင့် အနီးရှိ ပြဇာတ်ရုံအဆောက်အအုံတို့ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သည်ဟု လုံခြုံရေးအရာရှိတစ်ဦးက ပြောဆိုသည်။ ယင်းတိုက်ခိုက်မှုများကြောင့် ခရိုင်ရုံးဝန်းအတွင်း ရပ်ထားသည့် ကားများနှင့် ဆိုင်းကယ် အများအပြား မီးလောင်ပျက်စီးခဲ့သည်ဟုလည်း သူက ပြောဆိုခဲ့သည်။ Ref: ဘန်ကောက်ပို့စ်