ထိုင်ဝမ်အား ကန်တပ်ဖွဲ့များကကာကွယ်ပေးမည်ဟု ဘိုင်ဒင်၏ပြောကြားချက်ကို တရုတ်ကန့်ကွက်

ပေကျင်း၊စက်တင်ဘာ ၁၉
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထိုင်ဝမ်ကိုတရုတ်ကျူးကျော်ပါက ကန်တပ်ဖွဲ့ဝင်များကကာကွယ်ပေးမည်ဟုပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံသည် အမေရိကန်၏ယခုကဲ့သို့ပြောစကားကြောင့် ကန်နှင့်တရုတ်အကြား ပိုမိုပြင်းထန်သော အခြေအနေများရှိလာလိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။
နိုင်ငံကိုပြိုကွဲစေမည့် လှုပ်ရှားမှုများကိုတုံ့ပြန်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် လိုအပ်သောစီမံဆောင်ရွက်မှုအားလုံးကို လုပ်ဆောင်ပိုင်ခွင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပုံမှန်ပြုလုပ်နေကျမီဒီယာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက် အစွမ်းကုန်ကြိုးစားဖို့ဆန္ဒရှိပါတယ်၊တစ်ချိန်တည်းမှာပင် ခွဲထွက်ရေးကိုရည်ရွယ်တဲ့ လှုပ်ရှားမှုမှန်သမျှကိုလည်း သည်းခံနေမှာမဟုတ်ပါဘူး” ဟု၎င်းကပြောကြားခဲ့သည်။
ယင်းနောက်ထပ်မံ၍ အမေရိကအနေဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်လာပါက ဂရုတစိုက်နှင့်မှန်ကန်စွာကိုင်တွယ်ဖြေရှင်းပြီး ခွဲထွက်ရေးအားသန်နေသည့် ထိုင်ဝမ်တပ်ဖွဲ့များထံထောက်ပံ့မှုများမပြုလုပ်ဘဲ တရုတ် – အမေရိကန်ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန်မထိခိုက်စေရန် လုပ်ဆောင်သင့်သည်ဟုလည်းတိုက်တွန်းထားသည်။
“ကမ္ဘာပေါ်မှာ တရုတ်ဟာတစ်နိုင်ငံတည်းပဲရှိတယ်၊ထိုင်ဝမ်ဟာလည်း တရုတ် ကပိုင်ဆိုင်တဲ့ဒေသတစ်ခုပဲဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည်သာလျှင် တရုတ်နိုင်ငံရဲ့တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပါတယ်” ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။
Source –Reuters/ng
