ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ကိုဗစ်ရောဂါ တကျော့ပြန်ဖြစ်ပွားခဲ့ရာ ကူးစက်သူ အရေအတွက်သည် လူ (၃၃,၀၃၀) ဦးအထိ မြင့်တက်လာပြီး ဘန်ကောက်တွင် ရောဂါဖြစ်ပွားသူ (၆,၀၀၀ )ထက်မနည်း ရှိခဲ့သည်ဟု ရောဂါထိန်းချုပ်ရေးဌာနမှ သိရသည်။
မေလ ၁၁ ရက် နေ့မှ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ (၃၃,၀၃၀) ရှိခဲ့ကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ယင်းမတိုင်ခင်အပတ်က (၁၆,၀၀၀) ဦးထက် နှစ်ဆတိုးခဲ့သည်ဟု ဆိုသည်။
၎င်းတို့ထဲမှ (၁,၉၁၈) ဦးကို ဆေးရုံတင်ခဲ့ရပြီး ဆူခိုထိုင်းနှင့် ကန်ချနာဘူရီတွင် ယင်းရောဂါကြောင့် နှစ်ဦး သေဆုံးခဲ့သည်။
ဘန်ကောက်သည် ရောဂါဖြစ်ပွားလူနာ (၆,၂၉၀) ဦးဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ယင်းနောက်တွင် ချွန်ဘူရီ(၂,၅၇၃ ဦး)၊ ရာယောင်း(၁,၆၈၀ ဦး)၊ နွန်သာဘူရီ(၁,၄၈၂ ဦး) နှင့်ဆမွတ်ပရာကန်(၁,၄၄၂ ဦး) တို့ဖြစ်သည်။ ရောဂါကူးစက်ခံရသူအများစုသည် အသက် ၃၀ နှင့် ၃၉ အကြားများဖြစ်ကြသည်။
ရောဂါဖြစ်ပွားမှု အခြေအနေသည် စိုးရိမ်စရာမဟုတ်ကြောင်း ဖေါ်ပြခဲ့သည့် ပြည်သူ့ကျန်းမာရေးဌာန၏ သတင်း ထုတ်ပြန်ချက်နှင့်ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ချူလာလောင်ကွန်တက္ကသိုလ် ဆေးပညာဌာနမှ ထိရာဝိရတ်တာနာရတ်က ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ရက်သတ္တ ၁၁ ပတ်ဆက်တို-က် တိုးလာခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ယခုစာသင်နှစ်သစ်အတွက် ကလေးများအကြား ရောဂါထိန်းချုပ်ရေးအစီအမံများ ကိုတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာန(MSD) ညွှန်ကြားရေးမှူး လိုတလတ် လီလာရူယန်ဆာအန် က ပြောသည်။
အထူးသဖြင့် မွေးကင်းစအရွယ်မှ ၄ နှစ်အကြား ကလေးငယ်များ၊ သက်ကြီးရွယ်များ၊ အိပ်ယာထဲလှဲနေရသော လူနာများ၊ နာတာရှည်ရောဂါဝေဒနာရှင်များအတွက် ကုသမှုပေးနိုင်ရန်ဆေးဝါး၊ ကာကွယ်ဆေးများနှင့် လူနာကုတင်များ အပါအဝင် ဆရာဝန်နှင့် စက်ပစ္စည်းကိရိယာများ ပြင်ဆင်ထားရန် MSD က ဆေးရုံများကို ညွှန်ကြားထားသည်ဟု မစ္စ လိုတလတ် က ပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် မောပန်းနွမ်းနယ်ခြင်းကဲ့သို့ လက္ခဏာများ ခံစားရချိန်တွင် နှာခေါင်းစည်းများတပ်ဆင်ကြရန်နှင့် ATK စမ်းသပ်ကိရိယာများကို ချက်ချင်းအသုံးပြုကြရန် အကြံပြုထားသည်။
Ref: ဘန်ကောက်ပို့စ်