တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းကာ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-6) တွင် တောင်သူလယ်သမားရေးရာကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်က ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် တောင်သူလယ်သမားများအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်များ နေ့စဉ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လွှတ်တော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် ကိုယ်စားလှယ်တစ်ဦးချင်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေးမှာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းမြှင့်တင်နိုင်ရေးအတွက် ဥပဒေဆိုင်ရာသင်တန်းများ၊ ဆွေးနွေးပွဲများနှင့် အထောက်အကူပြု သင်တန်းအစီအစဉ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ လိုအပ်ချက်များ၊ ရင်ဆိုင်နေရသည့် အခက်အခဲများကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
