ယခုနှစ်ဆောင်းရာသီတွင် တောင်သမန်အင်းသို့ ဆောင်းခိုငှက်ဝင်ရောက်မှု ယခင်နှစ်များထက်ပင် လျော့ကျသွားကြောင်း သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေကြသူများထံမှ သိရသည်။
ဆောင်းခိုငှက်များဝင်ရောက်မှုသည် တစ်နှစ်ထက်တစ်နှစ်လျော့ကျနေကြောင်း၊ တောင်သမန်အင်းတွင် နှစ်စဉ် ဆောင်းခိုငှက်မျိုးစိတ်ပေါင်း တစ်ရာကျော်ဝင်လေ့ရှိပြီး ရှားပါးမျိုးစိတ်ဝင်ရောက်မှုမရှိသေးကြောင်း သိရသည်။
တောင်သမန်အင်းသို့ ၂၀၀၈ ခုနှစ်က ဆောင်းခိုငှက်အများအပြားဝင်ရောက်ခဲ့ဖူးပြီး ထိုနောက်ပိုင်း ရေသွင်းရေ ထုတ်စနစ်ပုံစံမမှန်ခြင်း၊ ရေအရည်အသွေးပြောင်းလဲလာခြင်းတို့ကြောင့် ပုံမှန်ထက် တစ်နှစ်ထက်တစ်နှစ် လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ တရုတ်၊ မွန်ဂိုလီယား၊ ရုရှားနိုင်ငံတို့မှ ရေငှက် (Water Bird) ၊ ရေဘဲနှင့်ဘဲငန်း၊ ကမ်းခြေနေငှက် (Shore Bird) ၊ ကမ်းစပ်နေခြေတံရှည်ငှက် (Wader) ၊ ပင်လယ်ငှက် (Sea Bird) အစရှိသည့် ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတတ်သည့်ငှက်မျိုးစိတ်တို့မှ နှစ်စဉ် အကောင်ရေသိန်းချီဝင်ရောက်တတ်ပြီး၊ မန္တလေးမြို့ အနီး၀န်းကျင်ရှိ တောင်သမန်အင်း၊ ပလိပ်အင်း၊ ဗနောအင်းနှင့် ပြူကန်တို့တွင် ဒီဇင်ဘာလမှ မတ်လအထိကျက်စားလေ့ရှိကြောင်း သိရသည်။
