တောင်ငူမြို့ အနောက်ဆင်ရွာကျေးရွာသို့ယနေ့ ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီအချိန်ခန့်၌ စစ်တောင်းမြစ်ရေစတင်ဝင်ရောက် လာပြီဖြစ်ကာလက်ရှိအချိန်အထိ မြစ်ရေတိုးဝင်နေဆဲဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။




ယမန်နေ့မှ စတင်၍ တောင်ငူမြို့ ဆင်ရွာတမံဘေးအထိ မြစ်ရေဝင်ရောက်လာခဲ့သည်ဟုသိရှိရပြီး၊အဆိုပါ ဆင်ရွာတမံသည်ယမန်နှစ်အတွင်းတမံကျိုး၍မြေသားတမံဖြင့် ပြုပြင်ထားသော်လည်း စိတ်ချရသည့်အခြေအနေမရှိကြောင်းဒေသခံလူမှုကူညီရေးတာဝန်ခံတစ်ဦးကပြောကြားထားသည်။
ယနေ့ မွန်းလွဲပိုင်းအချိန်၌အနောက်ဆင်ရွာရှိရေဘေးရှောင်ဒေသခံများကို မြသီကုန်းဘုန်းကြီးကျောင်းတွင်ယာယီနေထိုင်ရန်နေရာချထားပေးနေကြောင်းသိရသည်။
တောင်ငူမြို့တွင်စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်၆၀၀ မှ ၆၅၀အတွင်းရောက်ရှိပါကဘေးကင်းခိုလှုံရာနေရာများကို ဦးစားပေးအဆင့် ၁ အနေဖြင့် ကြိုတင်သတ်မှတ်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
