တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် ယနေ့ ဩဂုတ်လ (၃၀)ရက် ၊ နံနက်ပိုင်းအချိန်အထိ ၆၁၂ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် (၁၂) စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် အခြေအနေကိုစောင့်ကြည့်နေကြပြီးယခုထက် ပိုမိုမြင့်တက်လာပါက ကယ်ဆယ်ရေးစခန်း (၁၉)နေရာ ဖွင့်ထားပြီးဖြစ်ကြောင်း သိရသည်။
“အခုကတော့ ဦးစားပေးအဆင့်နဲ့ စောင့်ကြည့်နေပါတယ်။ ကယ်ဆယ်ရေးစခန်းတွေကတော့ အရင်တည်းကဖွင့်ထားတဲ့ စခန်းတွေရှိနေပါတယ်”ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်တောင်းမြစ်ရေမြစ်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေအနည်းငယ်ဝင်ရောက်နေပြီးပြောင်းရွှေ့ရမည့် အခြေအနေရှိသော အိမ်ထောင်စုများကို ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
ယနေ့ မြန်စံတော်ချိန် နံနက် (၆)နာရီခွဲအချိန် တိုင်းထွာချက်အရ တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ပေဝက်ခန့်ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၁) ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေအမှတ်ထက်ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
