တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
ထို့ပြင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာပြီး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ယမန်နေ့ စက်တင်ဘာ(၁၂)ရက်က တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အသင်းအဖွဲ့များအနေဖြင့်လည်း ဥပဒေဘောင်အတွင်းမှ မိမိတို့၏ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကိစ္စရပ်များကို ဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သလို ဥပဒေဆိုင်ရာကိစ္စများကို အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
