အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ကြီးမှူး၍ ၂၀၂၅ ခုနှစ်တိုင်းနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲအား ရန်ကုန်မြို့၌ မကြာမှီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲ၌ တစ်ဦးချင်းဝိတ်တန်း အမျိုးသား (၉)တန်း၊ အမျိုးသမီး(၈)တန်း၊ တစ်ဦးချင်း‘က’ ကွက်ပြိုင်ပွဲတွင် အမျိုးသား(၃)မျိုး၊အမျိုးသမီး (၃)မျိုး၊ အမျိုးသား+ အမျိုးသမီး(၂)ယောက်တွဲ‘က’ကွက် ၊ အမျိုးသား/အမျိုးသမီး အသင်းလိုက်(၃)ယောက်တွဲ‘က’ကွက်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား တိုင်းနှင့်ပြည်နယ်အသီးသီးမှ အမျိုးသား(၁၄)သင်း၊အမျိုးသမီး(၁၃)သင်း (စုစုပေါင်း ၂၇ သင်း)တို့မှ အုပ်ချုပ်/နည်းပြ၊ ကစားသမားပေါင်း(၃၅၁)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တိုင်းနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲအား မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် မြန်မာ့သိုင်းအားကစားသမားများပေါ်ထွက်လာစေရေး၊ တိုင်းနှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်သည့် မြန်မာ့သိုင်းအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် မြန်မာ့သိုင်းအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
