သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။
အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ယမန်နေ့ ဩဂုတ် ၅ ရက်နေ့က တိုင်းဒေသကြီး၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်းလည်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်တယ် လို့ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း သိရသည်။
