ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင် အသွား၊အပြန် စက်ဘီးပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။
ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃၆)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) ပြိုင်ပွဲဖြစ်ပြီး တိုက်ကြီးမြို့၊ ဆည်မြောင်းရုံး ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး မှန်ပြတောင်ပေါ်ကို အသွားအပြန်စီးကာ ဆည်မြောင်းရုံးရှေ့မှာပင် ပန်းဝင်ရမည်ဖြစ်သည်။
” စက်ဘီးစီးပြိုင်ပွဲဝင်ဖို့အတွက် အဲဒီမှန်ပြတောင်မှာ တစ်ပါတ်လောက်ကြိုပြီးသွားလေ့ကျင့်နေရတယ်။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အလေ့အကျင့်မရှိပဲ ဝင်ပြိုင်လို့မရဘူး။ လမ်းခရီးနည်းနည်းတော့ ကြမ်းတယ်။ တချို့နေရာဆိုရင် စက်ဘီးနင်းမရဘူးဆိုရင် ထမ်းပြီးသွားရတယ်” ဟု စက်ဘီးစီးပြိုင်ပွဲဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ပြိုင်ပွဲဝင်မျာအနေဖြင့် Tyre Size 1.95 ထက် မသေးရဘဲ ရှေ့ရှော့ဘားပါရှိသည့် MTB စက်ဘီးနှင့် ပြိုင်ပွဲဝင်ရမည် ဖြစ်သည်။
ထို့ပြင် ပြိုင်ဘီးလက်ကိုင်များကို တပ်ဆင်ခွင့်မပြုသည့်အပြင် Motor/Battery အထောက်အကူပါဝင်သည့် စက်ဘီးများကို ယှဉ်ပြိုင်ခွင့် မပြုကြောင်း၊ ပြိုင်ပွဲကျင်းပမည့်နေ့တွင်လည်း သုဝဏ္ဏဘောလုံးကွင်းမှတဆင့် ကားကြီးများဖြင့် တာလွှတ်မည့်နေရာကို ကြိုပို့ပေးမည် ဖြစ်သည်။
ထို့ပြင် ပြိုင်ပွဲ ဆုကြေးအဖြစ် ပထမဆုကို ကျပ်(၇)သိန်း၊ ဒုတိယဆု ကျပ်(၆)သိန်း၊ တတိယဆု ကျပ်(၅)သိန်း၊ စတုတ္ထဆု ကျပ်(၄)သိန်း၊ ပဉ္စမဆု ကျပ်(၃)သိန်းနှင့်ဆဋ္ဌမဆု ကျပ်(၂)သိန်း သတ်မှတ်ထားပြီး ပန်းဝင်သည့် နံပါတ် (၇) မှ နံပါတ်(၃၀)အထိအတွက်လည်း ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
