တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ထိန်းသိမ်းစောင့်ရှောက်ရမည့်ငှက်မျိုးစိတ်ဖြစ်သည့် အောက်ချင်းငှက် အကောင်ပေါက်လေးကို အောင်မြင်စွာ မွေးဖွားခဲ့နိုင်သည်။
ထိုအောက်ချင်းငှက် အကောင်ပေါက်လေးသည် ဇွန်လ ၁၇ရက်နေ့၌ မိခင်အောက်ချင်းငှက်မနှင့်အတူ အသိုက်အတွင်းမှ ထွက်လာကြပြီး ပြင်ပလောကနှင့် စတင်ထိတွေ့ခဲ့သည်ဟု တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကဆိုသည်။
အောက်ချင်းငှက်ပေါက်စလေးအား မွေးဖွားရန် အောက်ချင်းငှက်မ မှ အသိုက်အတွင်း စတင်ဝင်အောင်းသောနေ့မှာ မတ်လ ၉ ရက်နေ့ဖြစ်ပြီး ပေါက်စလေး၏ စတင်မွေးဖွားခြင်း အမှတ်အသားဖြစ်သော သာယာနာပျော်ဖွယ် ငှက်သံငယ်လေးကို ဧပြီလ ဆယ်ရက်နေ့ တွင် ပထမဦးစွာ ကြားခဲ့ရသည်ဟုလည်း သိရသည်။
အောက်ချင်းငှက်များသည် ကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်သင့်သော ငှက်မျိုးစိတ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင်လည်း ထိုကဲ့သို့ အောက်ချင်းငှက်ငယ်လေး ပေါက်ဖွားလာခြင်းသည် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန် ) ၏ မျှော်မှန်းထားသော ရည်မှန်းချက် နဲ့အညီ အောင်မြင်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်းလည်း ဆိုသည်။
ထိုသို့ လှပသော မျက်လုံးဝိုင်းများနှင့် အလွန်ချစ်စဖွယ်ကောင်းသော အောက်ချင်းငှက်ပေါက်လေးသည် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းတွင် မိသားစု နှင့်အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကောင်းမွန်စွာနေထိုင်နေပြီ ဖြစ်သောကြောင့် ပေါက်စလေးအား ချစ်မြတ်နိုး၍ ကြည့်ရှု့ မြင်တွေ့လိုပါက တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန်) သို့ လာရောက်ကြည့်ရှုနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
