ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်တွင်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အမေရိကန်ဒေါ်လာ၊ ယူရိုငွေရောင်းဝယ်မှု ပြုလုပ်နေသူများကို တာဝန်ရှိသူများက အသွင်ယူ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းလာကြောင်း သိရသည်။
Dollar Buy/Sell Market and News နှင့် ယူရို၊ ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများ ဆုံစည်းရာ Euro Dollar Trading Group စသည့် နာမည်များဖြင့် Facebook ပေါ်တွင် ငွေကြေးအရောင်းအဝယ်လုပ်နေသူများကို သတ်မှတ်ပေါက်ဈေး ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ ပြင်ပဈေး ၂,၉၀၀ ကျပ်ကျော်နှင့် ကျော်လွန်၍ အရောင်းအဝယ်ပြုလုပ်နေသည်ဟုဆိုကာ တာဝန်ရှိသူများက အသွင်ယူဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာ ၃၄၄၀ ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လတွင် တစ်ဒေါ်လာ ၃၉၀၀ နီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်သတ်မှတ်ထားသည့် ဒေါ်လာသတ်မှတ်ဈေးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ လိုင်စင်ရ ငွေလဲကောင်တာများ တွင် ၁ ဒေါ်လာ ၂,၉၂၀ ကျပ် သတ်မှတ်ထားပြီး ယင်းထက်ပိုရောင်းချခြင်းမပြုရန်လည်း ဗဟိုဘဏ်က အသိပေးထားသည်။

