ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲများနှင့် စျေးဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းရန် ယနေ့ သြဂုတ် ၁၂ ရက်နံနက်ပိုင်းက တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တာဝန်ရှိသူများမှ စက်မှုဇုန်သန့်ရှင်းသာလှပရေးအတွက် စက်မှု(၁)လမ်း၊ စက်မှု(၃)လမ်း၊ စက်မှု (က)လမ်း၊ စက်မှု(ဂ)လမ်းများရှိ စက်မှုဇုန်ဧရိယာအတွင်း ကျူးကျော်နေထိုင်သူများ၊ စွန့်ပစ်ပစ္စည်း ရောင်းချသူများ၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများအားတွေ့ဆုံ၍ သတ်မှတ်ရက်အတွင်းဖယ်ရှားရန် ပြောကြားခဲ့သည်။
ထို့ပြင် စက်မှုဇုန်မှ မိုင်းဖုန်းသွားလမ်းဘေး ဝဲ/ယာ ဧရိယာအတွင်း ကျူးကျော်ရောင်းချနေသော ဆိုင်ခန်းများအား သတ်မှတ်ရက်အတွင်းဖယ်ရှားရန်လည်းအသိပေးအကြောင်းကြားခဲ့ကာ စက်မှုရပ်ကွက်နှင့် မိုင်းဖုန်းသွားလမ်းဘေး ဝဲ/ယာ ဧရိယာအတွင်း ကျူးကျော်တဲများနှင့် ဆိုင်ခန်းပေါင်း(၃၄)ခုရှိရာ ယခု တစ်ပတ်အတွင်းဖယ်ရှားရမည်ဖြစ်သည်။
တာဝန်ရှိသူများသည် စက်မှုရပ်ကွက်အတွင်း စက်ယန္တရားများဖြင့် အမှိုက်သရိုက်များ ရှင်းလင်းနေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
