အသက် ၂၃ နှစ်အရွယ် ချန်ဝမ်ဟိုင်းသည် VR မျက်မှန်နှင့် လှုပ်ရှားမှုကိုဖမ်းယူနိုင်သော ဝတ်စုံကို ဝတ်ဆင်၍ ၎င်း၏ လက်မောင်းကို မြှောက်လိုက်သည့်အခါ ဘေးနားရှိ အရပ်အမောင်းတူညီသော လူပုံစံစက်ရုပ်ကလည်း ၎င်းနှင့်တစ်ပြိုင်နက် လိုက်လံလုပ်ဆောင်သည်။ ချန်က လက်သီးဆုပ်လိုက်လျှင် စက်ရုပ်၏ လက်ချောင်းငါးချောင်းကလည်း အတွင်းသို့ ကွေးဝင်သွားသည်။ ခဏအကြာတွင် ထိုစက်ရုပ်သည် ချန်၏ လှုပ်ရှားမှုများကို အတိအကျအတုယူ၍ ကော်ဖီစေ့ကြိတ်ခြင်း၊ ခွက်ကိုမခြင်းနှင့် ရေနွေးလေငှဲ့ခြင်းတို့ကို လုပ်ဆောင်ကာ အငွေ့တလူလူနှင့် အမေရိကန်နို ကော်ဖီတစ်ခွက်ကို ဖျော်စပ်ပေးလိုက်သည်။
ဤကဲ့သို့သော မြင်ကွင်းများသည် လူတူစက်ရုပ်များကို နေ့စဉ်လူမှုဘဝနှင့် လုပ်ငန်းခွင်များအတွင်း ထည့်သွင်းရန် ကြိုးပမ်းနေသည့် ဟူဘေးလူပုံစံစက်ရုပ် ဆန်းသစ်တီထွင်မှုဗဟိုဌာနတွင် နေ့စဉ်ဖြစ်ပျက်နေကျ ဖြစ်သည်။ ချန်သည် ထိုဌာနတွင် “စက်ရုပ်သင်ကြားပေးသူ” အဖြစ် လုပ်ကိုင်နေပြီး၊ ယင်းမှာ ခေတ်သစ်နည်းပညာကြောင့် ပေါ်ပေါက်လာသော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်သစ်တစ်ခု ဖြစ်သည်။
တရုတ်နိုင်ငံ၏ အကြီးဆုံး စက်ရုပ်သင်တန်းပေးရာ ပလက်ဖောင်းတစ်ခုဖြစ်သည့် အဆိုပါဗဟိုဌာနတွင် ဆေးရုံ၊ စူပါမားကတ်၊ မီးဖိုချောင်နှင့် ရုံးခန်းများအပါအဝင် ပုံတူတည်ဆောက်ထားသော နေရာပေါင်း ၂၀ ကျော်ရှိသည်။ ထိုနေရာများတွင် လူသားသင်တန်းဆရာများသည် စက်ရုပ်များကို ပစ္စည်းကိုင်တွယ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ပစ္စည်းပို့ဆောင်ခြင်းစသည့် လုပ်ငန်းများကို တစ်ဦးချင်းစနစ်ဖြင့် ထပ်ခါတလဲလဲ သင်ကြားပေးကြသည်။
“စက်ရုပ်တွေကို သင်ပေးဖို့ အဆင်သင့်ရှိတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့က အစကနေပဲ အရာအားလုံးကို စမ်းသပ်ရှာဖွေနေရတာပါ” ဟု ချန်က ဆိုသည်။ ၎င်း၏ တစ်နေ့တာ ၈ နာရီ အလုပ်ချိန်အတွင်း ၃ နာရီခွဲခန့်သာ အသုံးဝင်သော သင်တန်းဒေတာများကို ရရှိပြီး ကျန်ရှိချိန်များကို လှုပ်ရှားမှုများ ပြင်ဆင်ခြင်းနှင့် ထပ်ခါတလဲလဲ စမ်းသပ်ခြင်းများဖြင့် ကုန်ဆုံးရသည်။ ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုအတွက်ပင် အကြိမ်ရေ ရာနှင့်ချီ၍ သို့မဟုတ် ထောင်နှင့်ချီ၍ လေ့ကျင့်ပေးရလေ့ရှိသည်။
အလုပ်အကိုင် ရှာဖွေရေးပလက်ဖောင်း Zhaopin ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ လူတူစက်ရုပ်ကဏ္ဍတွင် အလုပ်အကိုင်ခေါ်ယူမှုသည် ၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း ယခင်နှစ်ထက် ၄၀၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အလုပ်ရှာဖွေသူ အရေအတွက်မှာလည်း ၃၉၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
Omdia သုတေသနအဖွဲ့၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လူတူစက်ရုပ် တင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှဖြစ်ပြီး၊ Morgan Stanley က ၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ရောင်းအားမှာ အစီးရေ ၂၈,၀၀၀ အထိ နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားသည်။ တရုတ်နိုင်ငံသည် ၂၀၂၆ မှ ၂၀၃၀ အထိ အကောင်အထည်ဖော်မည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းတွင် Embodied AI ကဲ့သို့သော စက်ရုပ်များကို အနာဂတ်စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရန် ရည်မှန်းထားကြောင်း သိရသည်။
Ref: ရှင်းဟွာ
