Online Scam တိုက်ဖျက်ရေးနှင့် မူဆယ်-တယ်ဟုန်ခရိုင်အဆင့် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း) ကိုလည်း ဆွေးနွေးခဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ယမန်နေ့ က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
Online Scam တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ရေး၊ Online Scam ကို အကြောင်းပြ၍ ပြည်ပနိုင်ငံများမှဝင်ရောက်စွက်ဖက်မှု လက်မခံရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်းနှင့် ပါဝင်ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မစ္စတာလျိုကျုံးရိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်၍ မြန်မာ – တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှု (Online Scams)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်နိုင်ငံသားများကို ရှာဖွေကူညီကယ်တင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်လွှဲပြောင်းပေးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ မူဆယ်-တယ်ဟုန် ခရိုင်အဆင့် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း) ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တို့သည် မြဝတီဒေသရှိ Online Scam တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်းလည်း သိရသည်။
