ဖနောင်ပင်၊ဧပြီ ၁၇
တရုတ်နှင့်ကမ္ဘောဒီးယားတို့သည် အရွယ်အစားမတူသည့်နိုင်ငံများအကြား တန်းတူညီမျှမှု၊အပြန်အလှန်ယုံကြည်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် စံနမူနာကောင်းများဖြစ်ခဲ့သည်ဟုတရုတ်သမ္မတရှီကပြောကြားခဲ့သည်။
သမ္မတရှီသည် ကမ္ဘောဒီးယားသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်သွားရောက်စဉ် ကမ္ဘောဒီးယားဘုရင်မင်းမြတ် နိုရိုဒွန်ဆီဟာမိုနီနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သမ္မတရှီက ကမ္ဘောဒီးယားဘုရင်မင်းမြတ်၏ နန်းတက်ခြင်းအခမ်းအနား နှစ် ၂၀ ပြည့်နှင့် ခမာနှစ်သစ်ကူးအချိန်အခါသမယတွင် နိုင်ငံသို့လာရောက်လည်ပတ်ရန် ဖိတ်ကြားခြင်းကို ကျေးဇူးတင်ကြောင်းလည်းပြောကြားခဲ့ပြီး ပြည်သူများအတွက်လည်း နှစ်သစ်ကူးဆုမွန်ကောင်းတောင်းပေးခဲ့သည်။
ကမ္ဘောဒီးယားသည် နိုင်ငံတည်ဆောက်ရေး၌ အောင်မြင်နေပြီး ဘုရင်မင်းမြတ်၏ကောင်းချီးမင်္ဂလာကြောင့် ထူးချွန်ထက်မြက်ပြီးကြိုးစားသည့် ကမ္ဘောဒီးယားပြည်သူများသည် ယခုထက်ပိုမိုကြွယ်ဝပြည့်စုံ တောင့်တင်းခိုင်မာသည့်နိုင်ငံကို တည်ဆောက်လိမ့်ဦးမည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။
တရုတ်နှင့်ကမ္ဘောဒီးယားတို့သည် နှစ်ပေါင်းထောင်ချီရင်းနှီးခဲ့ကြပြီး အတူတကွကြိုးစားရုန်းကန်ခဲ့ကြပြီး ထွန်းကားခဲ့ကြသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြကြောင်း၊ နိုင်ငံတကာအခင်းအကျင်းတွင် အပြောင်းအလဲများမည်သို့ပင်ရှိစေကာမူ တရုတ်နှင့်ကမ္ဘောဒီးယားအချင်းချင်းသစ္စာရှိရှိရပ်တည်ကာ အပြန်အလှန်ကူညီသွားမည်ဟုလည်း သူက ပြောကြားခဲ့သည်။
Source : ရှင်းဟွာ