၁၉ကြိမ်မြောက် CISA-AISC Steel Dialogue ကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံရှန်ဟိုင်း၌ ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ အာဆီယံသံနှင့်သံမဏိကောင်စီ (AISC) အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (MISA) မှ ကိုယ်စားလှယ်လည်းတက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံ၏ အာဆီယံနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း၊ Green Steel နှင့် (Ultra Low Emissions Steel) အပါအဝင် အဆင့်မြင့်နည်းပညာများဖြင့် တရုတ်နိုင်ငံရှိ သံမဏိကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် (AI) နည်းပညာကို ထည့်သွင်းအသုံးချခြင်းစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း သက်ဆိုင်ရာနိုင်ငံများတွင် သံမဏိထုတ်လုပ်မှုစွမ်းရည်လွန်ကဲမှုပြဿနာကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ထိုပြဿနာမရှိသေးကြောင်းနှင့် အရည်အသွေးကောင်းမွန်သည့် အဆင့်မီသံမဏိများ ပြည်တွင်း၌ လုံလောက်စွာ ရရှိနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံကိုယ်စားလှယ်က ထောက်ပြခဲ့သည်။
၂၀၂၅ ခုနှစ် မတ်လ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြန်လည်တည်ဆောက်ရန်အတွက် သံအမြောက်အမြား လိုအပ်နေသည်ဖြစ်ရာ မြန်မာနိုင်ငံတွင် အရည်အသွေးကောင်းသံမဏိများကို ပြည်တွင်း
ထုတ်လုပ်နိုင်ရန် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။
AISC ဥက္ကဋ္ဌ ဒါတိုလင်မ်ဟောင်သိုင်းသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မလေးရှားနိုင်ငံကွာလာလမ်ပူ၌ ကျင်းပမည့် ASEAN Policymakers Conference အာဆီယံမူဝါဒချမှတ်သူများ ညီလာခံသို့ တက်ရောက်ရန် CISA အကြီးတန်းအဖွဲ့ဝင်များအား ဖိတ်ကြားထားပြီး မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာနနှင့် MISA တို့မှကိုယ်စားလှယ်များအား လည်းဖိတ်ကြားထားသည်။
တရုတ်နိုင်ငံသံနှင့်သံမဏိအသင်း (China Iron and Steel Association – CISA) ၏ အဖွဲ့ဝင်များသည် တရုတ်နိုင်ငံရှိ သံမဏိထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုပြီး နှစ်စဉ်သံမဏိထုတ်လုပ်မှု တန်ချိန် သန်း(၉)ရာ ကျော်ကို ထုတ်လုပ်လျက်ရှိသည်။
CISA သည် MISA နှင့် တစ်ဦးချင်းဆွေးနွေးမှုပြုလုပ်ရန် သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံရှိ သံမဏိကဏ္ဍတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ရန် သဘောတူညီခဲ့ကြသည်။
