ဧပြီလ ၂၇ ရက်
တရုတ်သိပ္ပံပညာရှင်များသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သိုလှောင်မှုကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ဘက်ထရီသက်တမ်းကိုလည်း များစွာတိုးမြှင့်ပေးနိုင်မည့် “all-iron flow battery” နည်းပညာတွင် ထူးခြားသော အောင်မြင်မှုတစ်ခု ရရှိခဲ့ကြသည်။
လက်ရှိတွင် စက်မှုကုန်ကြမ်းပစ္စည်းအဖြစ် လီသီယမ်သည် သံထက် ဈေးနှုန်း အဆ ၈၀ ကျော် ပိုမိုမြင့်မားနေပေသည်။ သုတေသီများ၏ အဆိုအရ သံအခြေခံဘက်ထရီသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းမှု၏ အကြီးမားဆုံးသော အဟန့်အတားများထဲမှ တစ်ခုအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက်တစ်ခု ဖြစ်လာနိုင်သည်ဟု ဆိုထားသည်။
တရုတ်သိပ္ပံအကယ်ဒမီ (စီအေအက်စ်) လက်အောက်ရှိ သတ္တုသုတေသနဌာနမှ အဖွဲ့တစ်ဖွဲ့သည် အားသွင်း/အားပြန်ထုတ်ခြင်း အကြိမ်ရေ ထောင်ပေါင်းများစွာ ပြုလုပ်သော်လည်း သိုလှောင်နိုင်စွမ်း လုံးဝလျော့ကျသွားခြင်းမရှိသည့် အလွန်တည်ငြိမ်သော လျှပ်လိုက်ရည် တစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း အစီရင်ခံခဲ့သည်။
အဆိုပါတွေ့ရှိချက်သည် ဤနယ်ပယ်တွင် စံချိန်တင်စွမ်းဆောင်ရည်တစ်ခုဖြစ်ပြီး အဆိုပါတွေ့ရှိချက်များကို Advanced Energy Materials ဂျာနယ်တွင် အွန်လိုင်းမှတစ်ဆင့် ထုတ်ဝေခဲ့သည်။
“ဒါဟာ အကြီးစားစွမ်းအင်သိုလှောင်မှုအတွက် ကုန်ကျစရိတ်နည်းပါးပြီး သက်တမ်းရှည်ကြာတဲ့ ဖြေရှင်းချက်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်” ဟု စီအေအက်စ် က ဧပြီလ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အသွင်ကူးပြောင်းမှုသည် နေရောင်ခြည်နှင့် လေအားလျှပ်စစ်စက်ရုံများမှ ရရှိသော မတည်ငြိမ်သည့် စွမ်းအင်များကို မဟာဓာတ်အားလိုင်းကို တည်ငြိမ်စေလောက်သည့် အတိုင်းအတာအထိ သိုလှောင်နိုင်ရေးတွင် အရေးကြီးသော အခက်အခဲနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
