တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံများနှင့်ပူးပေါင်းကာ တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြတ်သားစွာပြောကြားခဲ့သည်။
၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး)စစ်ရေးပြကွင်း၌ကျင်းပသည့် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သူရတပ်ခွဲ၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် NUG၊ CRPH၊ PDF အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကို တရားလက်လွတ်ဥပဒေမဲ့လုပ်ဆောင်လျက်ရှိ၍ နယ်မြေဒေသအချို့တွင် မတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် အသက်အန္တရာယ်များထိခိုက်ဆုံးရှုံးနေရသည်ဟု ပြောသည်။
ထို့ပြင် အကြမ်းဖက်အဖွဲ့များသည် ထာဝရငြိမ်း ချမ်းရေးရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေးကိုလုပ်ဆောင်နေကြကာ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ဖိအားပေးခြင်းများကိုလည်း ပြုလုပ်နေကြသည်ဟု ပြောသည်။
” အေးချမ်းစွာနေထိုင်လိုကြတဲ့ အပြစ်မဲ့ပြည်သူတွေဟာ နိုင်ငံရေးပြဿနာကိုအကြမ်းဖက်လက်နက်ကိုင်နည်းလမ်းနဲ့ရယူဖို့ ကြိုးစားနေကြတဲ့ အကြမ်းဖက်သမားသောင်းကျန်းသူတွေကို အလွန်ရွံရှာစက်ဆုပ်နေကြပြီဖြစ်ပါတယ်။ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် လက်နက်ကိုင် သောင်းကျန်းသူအကြမ်းဖက်အဖွဲ့များအား တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမည်ဟု ပြတ်သားစွာပြောကြားခဲ့သည်။
ထိုသို့ တရားသောစစ်အားဆက်လက်ဆင်နွှဲရာ၌ တပ်မတော်သားများအနေဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးသို့ရောက်ရှိချိန်တွင် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်နှင့် ပြည်သူလူထုကိုအနိုင်-ကျင့်နေမှုများမရှိစေရေးအတွက် လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များကို ပြည်သူလူထုနှင့်ပူးပေါင်း၍ နိုင်ငံတော်နှင့်တပ်မတော်အတွက် ရဲဝံ့စွန့်စားစွာစွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။