တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံတော်အတွက် တောင်ကြီးမြို့တွင်ရှိ အဝေရာမီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အောက်တိုဘာလ (၂၈) ရက်မှ နိုဝင်ဘာလ (၄) ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တစ်နေ့လျှင် အရုပ်အုပ်စုမီးပုံး ပျံ (၁၀) လုံးခန့်၊ ညမီးကျည်အပါအဝင် စိန်နားပန်မီးပုံးပျံ အလုံးရေ (၇၀) ကျော်ထိ လွှတ်တင်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
ထို့ကြောင့်ဟိုတယ်အခန်းများ ကြိုတင်ဘိုကင်တင်သူများနေကြောင်း ဟိုတယ်များမှ စုံစမ်းသိရှိရသည်။ စက်တင်ဘာလ တတိယအပတ်ကစတင်ပြီး ကြိုတင်မှာယူသူများရှိနေပြီး လာမည့်သီတင်းကျွတ်ပိတ်ရက်ကာလတွင်လည်း ဟိုတယ်များပြည့်နေပြီဖြစ်ကြောင်း သိရသည်။
” မီးပုံးပျံပွဲတော်အတွက်က သိပ်မကြာခင်မှာပြည့်တော့မယ်။ အဲဒီရက်အတွက်ကို ကြိုတင်ယူထားကြတာ စက်တင် ဘာလကတည်းက။ တချို့ဆို တစ်လကြိုတင်ပြီးအခန်းတွေယူတာရှိတယ်” ဟု တောင်ကြီးမြို့ရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်နှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အရုပ်အုပ်စုမီးပုံပျံ ခြောက်လုံး၊ ညမီးကျည် အပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ (၄၉) လုံးခန့်လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
