ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စီး ပြန်လည်ထွက်ခွာ
တတိယအကြိမ် မြန်မာ-ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် နိုဝင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြိုသို့ ရောက်ရှိနေသော ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စီးတိုသည် ပင်လယ်ပြင်၌ လက်တွေ့လေ့ကျင့်ခန်းများဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာသွားပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့ တွင် ရုရှားရေတပ်မှ စစ်ရေယာဉ်များသည် တပ်မတော် (ရေ) မှစစ်ရေယာဉ်များနှင့်အတူ ပင်လယ်ပြင်၌ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၁၄ ရက်၊ ညပိုင်းတွင် စစ်ရေယာဉ် (မုတ္တမ) ပေါ်၌ လေ့ကျင့်ခန်းပြန်လည်သုံးသပ်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကျင်းပပြီး ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ချစ်ကြည်ရေးခရီးရောက်ရှိနေစဉ် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တပ်မတော် (ရေ) မှ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲဝင်များအား ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ အရာရှိရိပ်သာ၌ တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်နှစ်ရပ်အကြား အပြန်အလှန်ဆက်ဆံမှုကိစ္စရပ်များ၊ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်မှုဆိုင်ရာကိစ္စရပ်များ၊ ရေကြောင်းလုံခြုံရေးသတင်းအချက်အလက်ဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
ထိုပြင် တတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး တပ်မတော် (ရေ) မှ စစ်ဦးစီးအရာရှိချုပ် (ရေ)နှင့် အရာရှိ၊ စစ်သည်များ၊ ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ်နှင့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး၊ လေ့လာသူများအဖြစ် ဖိတ်ကြားထားသည့် တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတိုမှ မြန်မာနိုင်ငံဆိုင်ရာစစ်သံမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
