၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်စာရင်းကို တိုကင်စနစ်ဖြင့် လူဦးရေသတ်မှတ်၍ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ အမှတ်စာရင်းများကို ယနေ့ ဩဂုတ်လ (၁၃) ရက်မှစတင်၍ ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး အမှတ်စာရင်းများ ထုတ်ပေးရာ၌ နေပြည်တော်ရုံးချုပ်တွင် ကောင်တာ (၄)ခု၊ ရန်ကုန်ရုံးခွဲတွင် ကောင်တာ (၁၀)ခု ဖွင့်လှစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောင်တာများသတ်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
တိုကင်စနစ်ဖြင့် ထုတ်ပေးရာတွင်လည်း ကနဦးတွင် တိုကင် (၅၀) ဖြင့်စတင်ဆောင်ရွက်မည်ဖြစ်ကာ တစ်ဦးလျင် အများဆုံး (၃)စောင်ထိသာ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်များနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ပဲခူး တိုင်းဒေသကြီးများ၏ အမှတ်စာရင်းကို ဩဂုတ် (၁၄) ရက်တွင် စတင်ထုတ်ပေးမည်ဖြစ်ကာ အခြားတိုင်းဒေသကြီးများ၏ အမှတ်စာရင်းထုတ်ပေးမည့် ရက်ကို ဆက်လက်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုတစ်ကြိမ်တွင် အမှတ်စာရင်းများကို သေချာစွာ တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ပေးမည်ဖြစ်သည့်အတွက် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးခွဲ)၊ ရန်ကုန်တို့တွင် တိုက်ရိုက်လာထုတ်သော တစ်ဦးချင်းထုတ်သူများကိုသာ ထုတ်ပေးမည်ဖြစ်ပြီး အဖွဲ့လိုက် ထုတ်ပေးမည်မဟုတ်သေးကြောင်း သိရသည်။
အမှတ်စာရင်းလာရောက်ထုတ်ယူရာတွင် လည်ဆွဲကတ်နှင့် တိုကင်ထုတ်ယူရန်အတွက် အမှတ်စာရင်းထုတ်ယူရန် လာရောက်သူသည် မှတ်ပုံတင် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့ မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) အထောက်အထားကတ် တစ်ခုခုယူခဲ့ရမည်ဖြစ်ကာ အမှတ်စာရင်းလျှောက်လွှာတွင် ခုံအမှတ်၊ အမည်၊ အောင်/ရှုံး၊ ဂုဏ်ထူးရ ဘာသာများ ဖြည့်စွက် တင်သွင်းရမည်ဖြစ်ပြီး အချက်အလက် မပြည့်စုံသော လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။
