တက္ကသိုလ်ဝင်စာမေးပွဲမအောင်မြင်သည့် ကျောင်းသားကျောင်းသူများအတွက် အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခြင်းကို ယမန်နေ့ ကနေပြည်တော် ပညာရေးဝန်ကြီးဌာနရုံး၌ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲမအောင်သူများအတွက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များက မိမိတို့နိုင်ငံ မိမိတို့ဒေသအကျိုးပြု အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာ job-Ready Skills သင်တန်းများ ရွေးချယ်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
သွင်းကုန်အစားထိုး ထုတ်ကုန်များကို ဓါတ်ခွဲခန်း lab- Scale အဆင့် ထုတ်လုပ်နည်းသင်တန်းများ ရွေးချယ်ဖွင့်လှစ်နိုင်မည့်စီမံချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိ အသက်(၃) နှစ် မှ (၂၅) နှစ်အတွင်းရှိ လူဦးရေ (၁၀ဒသမ၅)သန်းအနက် ၅၆ ဒသမ ၁ ရာခိုင်နှုန်းသာ ကျောင်းတက်ရောက်နေပြီး ၃၄ ဒသမ ၁ ရာခိုင်နှုန်းသည့် ကျောင်းတက်ရောက်ခဲ့ဖူးသူများဖြစ်ပြီး ၉ဒသမ ၈ ရာခိုင်နှုန်းသည် ကျောင်းလုံးဝမတက်ရောက်ဖူးသည့် အခြေအနေတွင်ရှိနေကြောင်း ၂၀၂၄ သန်းခေါင်စာရင်းအချက်အလက်များအရ သိရသည်။
