ဆူဇီကသင်္ကြန်ကို နေပြည်တော်မှာ သီချင်းတွေ ဆိုရင်း ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ တော့ ခဏတာ အနားယူရင်း သင်္ကြန်ဖျော်ဖြေ ရေးကရတဲ့ အနုပညာကြေးလေးတွေနဲ့ အလှူ အတန်းလုပ် ဖြစ်နေပါတယ်လို့ သူမက ဆိုပါတယ်။ ဒါ့အပြင် စတုတ္ထစီးရီးခွေကို မြန်မြန် လက်စသတ်နိုင်ဖို့ ကြိုးစားနေတဲ့ဆူဇီက ..
” စတုတ္ထစီးရီးခွေကို ၆လပိုင်း၊ ဒါမှ မဟုတ် ၇ လပိုင်းလောက် ထွက်နိုင်အောင် လုပ်နေတယ်။ တော်တော်များများတော့ ပြီးပြီ။ အစ်မက ၁၁ ပုဒ်လောက်ထည့်မှာ ဆိုတော့ ၃ ပုဒ်၊ ၄ ပုဒ်လောက် လိုသေးတယ်။ ခေါင်းစဉ်ကတော့ ထုံးစံအတိုင်း ရှေ့စီးရီး ခွေတွေလိုပဲ သီချင်းတွေအားလုံးစုံပြီဆို တော့မှ သေသေချာချာလေး ရွေးရတာဆိုတော့ confirm တော့ မဖြစ်သေးဘူး။ သီချင်းတွေကတော့ မဆူဇီတို့ အသံနဲ့ လိုက်တာက ပေါ့ပ်ချိုချိုလေးတွေဆိုတော့ အရင်ကနဲ့ သိပ် ကွာသွားခြင်းမျိုးမရှိဘူး။ ဒါပေမဲ့ အခု ဒီစီးရီး ခွေသစ်လေးထဲမှာတော့ EDM တစ်ပုဒ်၊ နှစ်ပုဒ် လောက် ထည့်နိုင်အောင် ကြိုးစားနေတယ်” လို့ သူမရဲ့ စီးရီးခွေအကြောင်းကို ပြောပြပါ တယ်။
လာမယ့် ဇူလိုင်လ၉ရက်နေ့ကတော့ ဆူဇီရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမက မွေးနေ့အမီ စီးရီး ခွေထွက်နိုင်ဖို့ ကြိုးစားနေတာကြောင့် မွေးနေ့ အတွက်ကိုတော့ အစီအစဉ်တွေချထားတာမျိုး လေးတွေရှိဦးမလားလို့ မေးဖြစ်တဲ့အခါ…
” ထုံးစံအတိုင်းပဲပေါ့။ အိမ်မှာ မိသားစု နဲ့အတူ ဘုရားရှိခိုးမယ်။ မနှစ်တုန်းကဆိုရင် အစ်မက မေရီ ချက်မင်းမှာ သွားလှူတယ်။ ဒီနှစ်လည်း အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာ လှူဖို့ရည်မှန်းထားတယ်။ တကယ်တမ်းကတော့ မွေးနေ့မှ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်ရင် တတ်နိုင် သလောက် လှူဖြစ်ပါတယ်” လို့ ဆူဇီက ပြောပြခဲ့ပါတယ်။
မျိုးမောင်
