မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တပ်မကျေးရွာတွင် ယနေ့ ဧပြီ (၉) ရက် နံနက် (၁၀) နာရီ (၄၅) မိနစ် ဝန်းကျင်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကို တောင်ဇင်းနယ်မြေမီးသတ်စခန်းနှင့် စဥ့်ကူနယ်မြေ မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
“မီးဖိုက မီးကြွင်းမီးကျန်ကနေ စပြီးလောင်တာပါ။ မီးလောင်ချိန်က အချိန်မကြာလိုက်ပေမယ့် အပူရှိန်ပြင်းတာရယ်၊ မီးလောင်အားကောင်းတဲ့ ထရံတွေရယ်ကြောင့် ဆုံးရှုံးမှုများသွားတာပါ။ ထိခိုက်သေဆုံးတာ မရှိပါဘူး” ဟု အခင်းဖြစ် နေရာသို့ ရောက်ရှိခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပေ (၂၀) ပတ်လည် သွပ်မိုး၊ ထရံကာ (၁) ထပ်နေ အိမ် (၂) လုံးနှင့် (၁၄)ပေပတ်လည် ထန်းရွက်မိုး၊ ထန်းရွက်ကာ မြေစိုက်မီးဖိုဆောင် (၁) လုံးတို့ မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


