မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန် ၂၈ ရက်နံနက်ပိုင်းကထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ မိုးလယ်ကာလ (ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်) အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်အရ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၉)ခု၌ မိုးရွာသွန်းမှုမှာ ရွာသွန်းမြဲထက်ပိုနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ယင်း ကာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်မှာ ပိုမိုအားကောင်း၍ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ပြီး အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ကြောင်း သိရသည်။