နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၂ ရက်နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဥက္ကဋ္ဌသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့၍ တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေရသော အရာရှိ၊ စစ်သည်များကိုလည်း သွားရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံချိန်၌ အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက် ကင်းမှုအခြေအနေများကိုမေးမြန်းပြီး အားပေးစကားပြောကြားကာ ၎င်းတို့၏ လိုအပ်ချက်များ၊ ဆေးရုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။
ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှမှလည်း ဆေးရုံတက်ရောက်ကုလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအားကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကိုမေးမြန်းပြီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
