မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းကြီးက ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းရန် လိုအပ်သည့် ထောက်ခံစာများအတွက် သေချာစွာစိစစ်၍ အချိန်ကြန့်ကြာမှုမရှိစေဘဲဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(၂၂) ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းတင်သွင်း၊ ဖြန့်ချိ၊ ရောင်းချသည့် ကုန်သွယ်ရေးလုပ်ငန်းမှသည် ကုန်ချောထုတ်လုပ်သည့် ဆေးဝါးစက်ရုံများကိုလည်း ပြည်တွင်းတွင်တည်ထောင်၍ ပြည်ပမှ အရည်အသွေးပြည့်မီသည့် ဆေးဝါးကုန်ကြမ်းများကို တင်သွင်းကာ ပြည်တွင်းစျေးကွက်တွင် ထုတ်လုပ်ဖြန့်ချိရုံသာမက နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့်လည်း ဆေးဝါးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ပြီးခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
