အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က သူ၏ ပင်လယ်ကွေ့ခရီးစဉ်ကို အံ့အားသင့်ဖွယ် ကြေညာချက်ဖြင့် စတင်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံအပေါ် ကာလကြာရှည် ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းကာ ဆော်ဒီအာရေဗျက အမေရိကတွင် ဒေါ်လာ ၆၀၀ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံသွားမည်ဆိုသည့် ကတိကဝတ်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အိမ်ဖြူတော်၏ အဆိုအရ ဝါရှင်တန်၏ အကြီးဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွင် အမေရိကသည် ဆော်ဒီသို့ ဒေါ်လာ ၁၄၂ ဘီလျံနီးပါး တန်ဖိုးရှိ စစ်လက်နက်များ ရောင်းချပေးမည်ဟု ဆိုသည်။
ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူများ အဆုံးသတ်ခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြည်တွင်းစစ်ကြောင့် ပျက်စီးခဲ့ရသည့်နိုင်ငံအတွက် ကြီးမားသော တွန်းအားတစ်ခုဖြစ်လာေစမည်ဖြစ်သည်။ လက်ရှိသမ္မတ အာမက် အယ်လ်ရှာရာ ဦးဆောင်သော သူပုန်များသည် သမ္မတ ဘာရှ အယ်လ်အာဆတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖြုတ်ချခဲ့သည်။
ရီယာ့ဒ်တွင် ပြုလုပ်ခဲ့သော ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် စကားပြောဆိုခဲ့ရာ၌ ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆယ်လ်မန်၏ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရန်တောင်းဆိုမှုအပေါ် သူ ဆောင်ရွက်ပေးနေသည်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
“အိုး၊ မင်းသားအတွက် ငါဘာလုပ်ပေးရမလဲ” ဟု ထရမ့်ပ်က ပြောဆိုလိုက်ချိန်တွင် အခမ်းအနားတက်ရောက်လာသူများက ရယ်မောခဲ့ကြသည်။ ပိတ်ဆို့အရေးယူမှုများသည် အရေးကြီးသော လုပ်ငန်းဆောင်တာတစ်ခုကို ထမ်းဆောင်ခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်သည် တိုင်းပြည်ရှေ့ဆက်ရမည့်အချိန်ကျပြီဟု သူက ပြောဆိုခဲ့သည်။
အဆိုပါလုပ်ဆောင်ချက်သည် အမေရိက၏ မူဝါဒအပြောင်းအလဲကးပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ဆီးရီယားကို အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီသူအဖြစ် ၁၉၇၉ ခုနှစ်တွင် ကြေညာခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ တဖန် ၂၀၁၁ ခုနှစ်တွင် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် ပိတ်ဆိုးအရေးယူမှုများ ထပ်တိုးချမှတ်ခဲ့သည်။
ထရမ့်ပ်သည် ဆီးရီးယားသမ္မတ ရှားရားကို ဗုဒ္ဓဟူးနေ့၌ ဆော်ဒီတွင် ခဏတာ လက်ခံတွေ့ဆုံရန် သဘောတူခဲ့သည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထရမ့်ပ်နှင့် ဆော်ဒီအိမ်ရှေ့စံတို့သည် စွမ်းအင်၊ ကာကွယ်ရေး၊ သတ္ထု့တူးဖော်ရေးနှင့် အခြားနယ်ပယ်များဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ သဘောတူညီချက်တွင် လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး၊ လေတပ်နှင့် အာကာသ၊ ရေကြောင်းလုံခြုံရေးနှင့် ဆက်သွယ်ရေးများ အပါအဝင် နယ်ပယ်များအတွက် အမေရိကန်ကာကွယ်ရေး ကုမ္ပဏီတစ်ဒါဇင်ကျော်နှင့် သဘောတူညီချက်များ အကြုံးဝင်ကြောင်း အိမ်ဖြူတော် အချက်အလက်စာရွက်တွင် ဖော်ပြထားသည်။
Ref: သည်နေရှင်း