ဆီရမ်ရိ၊ စက်တင်ဘာ ၁၈
ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၀၂၆–၂၀၃၀” ကို ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ဟုတ်ဟက်က စက်တင်ဘာ ၁၇ ရက်တွင် ဆီရမ်ရိပြည်နယ်ခန်းမ၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။
အဆိုပါစီမံကိန်းသည် ဆီရမ်ရိပြည်နယ်၏ ခရီးသွားလာရေး အရည်အသွေးနှင့် ဝန်ဆောင်မှုအဆင့်အတန်းများ မြှင့်တင်ရန်၊ ခရီးသွားဧည့်သည်များအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများ ဖန်တီးပေးရန်နှင့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
စီမံကိန်းမိတ်ဆက်ပွဲတွင် ဝန်ကြီး ဟုတ်ဟက်က ဆီရမ်ရိသည် “ကမ္ဘောဒီးယား၏ ဝိညာဉ်” ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်းကောဝတ် တည်ရှိရာဒေသဖြစ်သကဲ့သို့ နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာနှင့် နိုင်ငံတကာဂုဏ်သိက္ခာတို့ကို ကိုယ်စားပြုသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်း ခရီးသွားကဏ္ဍ ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းနှင့် ကမ္ဘာ့ခရီးသွားလာမှုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် “Siem Reap Beyond Angkor” (အန်းကောဝတ်အလွန်မှ ဆီရမ်ရိ) ဟူသည့် ဆောင်ပုဒ်ဖြင့် ခရီးသွားအစီအစဉ်သစ်များ ဖော်ဆောင်ကာ အန်းကောဝတ်အပြင် ဆီရမ်ရိပြည်နယ်၏ အခြားခရီးသွားအလားအလာများကိုပါ ပိုမိုဖော်ထုတ်အသုံးချရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ခရီးသွားဝန်ဆောင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ခရီးသွားဧည့်သည်များ၏ ဘေးကင်းလုံခြုံရေး ပိုမိုကောင်းမွန်စေရေးနှင့် ခရီးသွားဆွဲဆောင်မှုရှိသည့် နေရာသစ်များ တိုးချဲ့ဖော်ထုတ်ရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။
၂၀၂၆–၂၀၃၀ စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အဓိက မဟာဗျူဟာလမ်းညွှန်ချက် လေးရပ်အဖြစ် ဒေသခံတို့၏ အမှတ်သညာနှင့် ယဉ်ကျေးမှုကို အခြေခံသည့် ထူးခြားသော ခရီးသွားဆွဲဆောင်မှုနေရာများ ဖန်တီးရေး၊ ခရီးသွားနေရာများ၏ သမိုင်းနှင့် ဇာတ်ကြောင်းများကို ပိုမိုစိတ်ဝင်စားဖွယ် ဖော်ထုတ်တင်ပြရေး၊ ခိုင်မာထင်ရှားသည့် ခရီးစဉ်ဒေသအမှတ်တံဆိပ်တစ်ခု ထူထောင်ရေးနှင့် ခရီးသွားများ ပိုမိုကြာရှည်စွာ တည်းခိုနိုင်စေရန် ညပိုင်းခရီးသွားအစီအစဉ်များနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရေးတို့ကို ချမှတ်ထားသည်။
အဆိုပါ ဘက်စုံခရီးသွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှတစ်ဆင့် ဆီရမ်ရိ၏ ခရီးသွားကဏ္ဍကို ရေရှည်တည်တံ့ပြီး ကြံ့ကြံ့ခံနိုင်သည့်၊ အားလုံးပါဝင်နိုင်သည့်၊ တာဝန်ယူမှုရှိသည့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်စေကာ ဒေသခံပြည်သူများအတွက် ရေရှည်စီးပွားရေးအကျိုးအမြတ်များ ရရှိစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
Ref: Khmer Times
