တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့ကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S (MOU)လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ နားလည်မှုမှတ်တမ်း F.S (MOU)လက်မှတ်ရေးထိုးခြင်းအား ယနေ့ ဇူလိုင် ၂၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်၍ တနင်္သာရီတိုင်းအနေဖြင့် မဟာဓာတ်အားလိုင်းရောက်ရှိခြင်းမရှိသေးသဖြင့် တိုင်းအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
မြိတ်မြို့တွင် ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂဝပ် ခင်းကျင်းနိုင်အောင် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ မကြာခင်ကာလ၌ ရေနက်ဆိပ်ကမ်းတွင် ၆၆၀ မဂ္ဂဝပ် လျှပ်စစ်ဓာတ် Power Plant ဆောင်ရွက်ထားသည်ဟု ပြောသည်။
ယင်းသို့ ဆောင်ရွက်ထား၍ လျှပ်စစ်ဓာတ်အားထွက်ရှိလာပါက တိုင်းသို့ National Grid မရရှိသော်လည်း တိုင်း Grid တစ်ခုရရှိပါက ဒေသအတွက် လျှပ်စစ်မီးပြည့်ဝစွာရရှိမည်ဖြစ်၍ လုပ်ငန်းအား ကြိုဆိုပြီး တိုင်းအစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အကူအညီများဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
ထို့နောက် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် Southern Green PowerCo.,Ltd တို့၏တာဝန်ရှိသူများက ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S(MOU)အား လက်မှတ်ရေးထိုးခဲ့ကြသည်။
